CNI International News

ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၃

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့်် အစ္စရေးနှင့် ဟားမာ့စ် စစ်ပွဲကြောင့် အစ္စရေးနှင့် အီဂျစ်အကြား ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်သည် ပျက်ပြယ်ဖွယ်ရှိနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

အီဂျစ်နှင့် အစ္စရေးသည် အမေရိကန်သမ္မတ ဂျင်မီကာတာ (Jimmy Carter) လက်ထက်က ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ 

ထိုစဉ်အချိန်က အီဂျစ်သမ္မတ အန်ဝါဆာဒက် (Anwar Sadat) နှင့် အစ္စရေးဝန်ကြီးချုပ် မီနာချမ် ဘီဂင် (Menachem Begin) တို့သည် အမေရိကန်နိုင်ငံ၊ မေရီလန်း (Maryland) ပြည်နယ်ရှိ Camp David စစ်စခန်းတွင် ငြိမ်းချမ်းရေးသဘောတူညီမှုရရှိခဲ့ပြီး လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

ဒေသတွင်း တည်ငြိမ်ရေးအတွက် အဓိကကျခဲ့သည့် ထိုငြိမ်းချမ်းရေး သဘောတူစာချုပ်သည် နှစ်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင် အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားမှုနှင့်အတူ ထိုငြိမ်းချမ်းရေး သဘောတူညီချက်လည်း ပျက်ပြယ်ဖွယ် ရှိလာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) က အီဂျစ်နှင့် နယ်စပ်ချင်း ထိစပ်နေသည့် ဂါဇာဒေသ၏ ရာဖာ (Rafah) မြို့အတွင်းသို့ စစ်သားများ စေလွှတ်ခဲ့ချိန်မှစပြီး အစ္စရေးနှင့် အီဂျစ်အကြား ငြိမ်းချမ်းရေးစာချုပ်သည် ယိမ်းယိုင်လာခဲ့ခြင်းဖြစ်သည်။

အစ္စရေးနှင့် အီဂျစ် ငြိမ်းချမ်းရေးလက်မှတ်ထိုးစဉ်

အီဂျစ်အစိုးရကိုယ်တိုင်ကလည်း အစ္စရေးနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ပျက်ပြယ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်ခဲ့သည်။ 

အီဂျစ်နှင့် အစ္စရေးအကြား အကြီးစား စစ်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သည့် စစ်ပွဲမှာ ၁၉၇၃ ခုနှစ်က ဖြစ်သည်။

ထို့နောက် အီဂျစ်သမ္မတ အန်ဝါဆာဒက်သည် အခြားအာရပ် ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် အစ္စရေး နှင့် ပြန်လည် စေ့စပ်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့သဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။ 

ဆွေးနွေးပွဲများကို ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလတွင် ပြုလုပ်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်တွင် အီဂျစ်နှင့် အစ္စရေး အကြား ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။

Source: အေပီ