CNI International News

ဘေကျင်း၊ ဒီဇင်ဘာ ၈

တရုတ်နှင့် ဥရောပနိုင်ငံများအကြား တစ်ဖက်နှင့်တစ်ဖက် ပြိုင်ဘက်ကဲ့သို့ မရှုမြင်သင့်ကြောင်းနှင့်် ထိပ်တိုက် တွေ့မှုများကို မပြုလုပ်သင့်ကြောင်း တရုတ်သမ္မတ ရှီကျင့််ဖျင် (Xi Jinping) က ဒီဇင်ဘာ ၆ ရက်တွင် ဘေကျင်း မြို့တော်၌ ပြုလုပ်သည့် အစည်းအဝေးအတွင်း ဥရောပသမဂ္ဂ (အီးယူ)၏ ထိပ်သီးအရာရှိများကို သတိပေးခဲ့ သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရှီသည် ၄ နှစ်အတွင်း ဥရောပ ထိပ်သီးအရာရှိများနှင့် ပထမဆုံးအကြိမ်အဖြစ် လူချင်းတွေ့ဆုံသည့် အစည်းအဝေး အတွင်း အထက်ပါအတိုင်း သတိပေးခဲ့ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးအတွင်း တရုတ်နှင့် ဥရောပခေါင်းဆောင်များသည် ကုန်သွယ်ရေးမှအစ ယူကရိန်းစစ်ပွဲအဆုံး အကြောင်းအရာ အများအပြားကို ဆွေးနွေးခဲ့ပြီး တရုတ်သည် ဥရောပသမဂ္ဂ၏ အဓိက စီးပွားရေးနှင့် ကုန်သွယ် ရေး မိတ်ဖက်နိုင်ငံ ဖြစ်လာစေရန် ဆန္ဒရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ရှီက ပြောကြားခဲ့သည်။

တရုတ်နဲ့ EU အလံကိုတွေ့ရစဉ်

ထို့ပြင် တရုတ်နှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံရေးများကို ကြားဝင်စွက်ဖက်မည့် အခြေအနေများအားလုံးကို ဖယ်ရှားရန်လည်း ရှီက Diaoyutai နိုင်ငံတော်ဧည့်ဂေဟာတွင် ပြုလုပ်သည့် အစည်းအဝေးအတွင်း ဥရောပ ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ဥရောပသမဂ္ဂအနေနှင့် တစ်ဖက်နှင့်တစ်ဖက် မှန်ကန်သည့် သဘောထားတစ်ခုကို ဖော်ဆောင်ရန်နှင့် အပြန်အလှန် ယုံကြည်နားလည်မှု တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ရှီက ပြောကြားခဲ့သည်ဟု တရုတ် နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။

ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန် ဒါလီယန် (Ursula von der Leyen)၊ ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ် မိုက်ကယ် (Charles Michel) နှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရဲလ် (Josep Borrell) တို့သည် တစ်ရက်ကြာ တရုတ်ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) နှင့် တွေ့ဆုံခဲ့ ကြသည်။

EU ခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

ထိုတွေ့ဆုံမှုအတွင်း လီက တရုတ်သည် ဈေးကွက်စီးပွားရေး၏ အခြေခံစံနှုန်းများကို ချိုးဖောက်သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အရေးကိစ္စများတွင် နိုင်ငံရေးသဘော သက်ဝင်နေမှုကို ဆန့်ကျင်ကြောင်း ဥရောပသမဂ္ဂ ခေါင်းဆောင်များကို ပြောကြားခဲ့သည်ဟု CCTV က ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ၏ အစည်းအဝေးသည် လာမည့် နှစ်တွင် ပြုလုပ်မည့် ဥရောပ ပါလီမန်ရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးအကြိမ် ပြုလုပ်သည့်် အစည်းအဝေး တစ်ခုဖြစ်သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

Source: ရိုက်တာ