CNI International News

ဆိုးလ်၊ နိုဝင်ဘာ ၂၁

မြောက်ကိုရီးယားအနေဖြင့် စပိုင်ဂြိုဟ်တု လွှတ်တင်ခြင်း မပြုရန်နှင့် တောင်ကိုရီးယား စစ်တပ်က သတိပေးခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ဂြိုဟ်တုလွှတ်တင်မည်ဆိုပါက ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမာမှုများကို လျှော့ချရန် ရည်ရွယ်လုပ်ဆောင် ခဲ့သည့် သဘောတူညီချက်အား ရပ်တန့်သွားစေနိုင်ပြီး တောင်ကိုရီးယားဘက်ကလည်း ဝေဟင်မှ ကင်းထောက် လှမ်းမှုများကို ပြန်လည်လုပ်ဆောင်မည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခုနှစ် အစောပိုင်းက ဂြိုဟ်ပတ်လမ်းအတွင်းသို့ စစ်ဘက်သုံး ကင်းထောက် ဂြိုဟ်တု တစ်လုံး လွှတ်တင်ရန် နှစ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း နှစ်ကြိမ်စလုံး အောင်မြင်မှု မရရှိခဲ့ပေ။

ထို့နောက် မြောက်ကိုရီးယားသည် အောက်တိုဘာလတွင် တတိယအကြိမ်မြောက် ဂြိုဟ်တုလွှတ်တင်မည်ဟု ပြောကြားခဲ့သော်လည်း လွှတ်တင်နိုင်ခဲ့ခြင်း မရှိပေ။

တောင်ကိုရီးယား စစ်တပ်က သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်

တောင်ကိုရီးယားကမူ မြောက်ကိုရီးယားသည် ရုရှားထံမှ ဂြိုဟ်တုနှင့်ပတ်သက်သည့် နည်းပညာ ကူညီထောက်ပံ့ မှုများကို လက်ခံရယူနေသဖြင့် အောက်တိုဘာလတွင် စီစဉ်ထားသော ဂြိုဟ်တုလွှတ်တင်မှုသည် နှောင့်နှေးကြန့် ကြာခဲ့ရကြောင်းနှင့် လာမည့်ရက်ပိုင်းအတွင်း ဂြိုဟ်တုလွှတ်တင် သွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

"တကယ်လို့ မြောက်ကိုရီးယားဟာ ကျနော်တို့ သတိပေးထားတဲ့ ကြားထဲက စစ်ဘက်သုံး စပိုင်ဂြိုဟ်တုကို လွှတ်တင်ဖို့ ဆက်လက် လုပ်ဆောင်မယ်ဆိုရင် လူတွေရဲ့ အသက်တွေနဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ဖို့ ကျနော်တို့ စစ်တပ်က လိုအပ်တဲ့ စီမံချက်တွေကို လုပ်ဆောင်သွားမှာပါ"ဟု တောင်ကိုရီးယား ထိပ်သီး စစ်တပ် အရာရှိ ကန်ဟိုပီလ် (Kang Hopil) က ပြောကြားခဲ့သည်။ 

မြောက်ကိုရီးယားသည် ယခုလကုန်တွင် ဂြိုဟ်တု လွှတ်တင်လိမ့်မည်ဟု မျှော်လင့်ရကြောင်းနှင့် တောင်ကိုရီးယား နှင့် အမေရိကန် အာဏာပိုင်များသည် မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ရှင်ဝန်ဆစ် (Shin Wonsik) ကလည်း နိုဝင်ဘာ ၁၉ ရက်က KBS ရုပ်သံနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားသည် ၎င်းတို့နှစ်နိုင်ငံအကြား လက်နက်များ လွှဲပြောင်းရေး သဘောတူညီချက် ရရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း မကြာသေးမီလများအတွင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများကို လူသိရှင်ကြား တိုးမြှင့်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားကို ဂြိုဟ်တုလွှတ်တင်မှုများ တားမြစ်ပိတ်ပင်ထားသည်။

အဘယ်ကြောင့်ဆိုသော် မြောက်ကိုရီးယားသည် ၎င်း၏ ဒုံးကျည်နည်းပညာကို စမ်းသပ်သည့်အနေနှင့် ဂြိုဟ်တု လွှတ်တင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကုလသမဂ္ဂက ရှုမြင်ထားခြင်းကြောင့် ဖြစ်သည်။