CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅

အွန်လိုင်း ငွေကြေး လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ လုပ်ကိုင်နေသော တရုတ်နိုင်ငံမှ အလိုရှိနေသူ ကိုးကန့်သူဋ္ဌေး မိသားစုအား နစက-က နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်လာခဲ့သည်။

နစက-က ဖမ်းဝရမ်းထုတ်လိုက်သူများမှာ မြီရှောက်ချန်း(Ming Xuechang)၊ မြီကော်ဖျင်း(Ming Guoping) ခေါ် မြီရှောက်ဖျင်း(Ming Xiaoping)၊ မြီကျွီလန်(Ming Julan)၊ မြီကျိန်းကျိန်း(Ming Zhenzhen)တို့ ဖြစ်သည်။

၎င်းတို့ လေးဦးသည် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်း လိမ်လည်သူများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးဆွဲမှုများ၊ တရားမဝင် ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကို ဂိုဏ်းဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများ ကျူးလွန်လျက်ရှိသည်ဟု နစက ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိုးကန့်သူဋ္ဌေး မိသားစုကို တရုတ်အစိုးရ ဖမ်းဝရမ်း ထုတ်ထားသည်။ ထို့နောက် နစက-ကလည်း ထပ်ဆင့် ဖမ်းဝရမ်း ထုတ်လာခြင်း ဖြစ်သည်။

မြီကော်ဖျင်းသည် မြီရှောက်ချန်း၏ သားဖြစ်ပြီး မြီကျွီလန်မှာ သမီးဖြစ်ကာ မြီကျိန်းကျိန်းသည် မြေးဖြစ်သည်။