ပြုံယမ်း၊ အောက်တိုဘာ ၁၂

အမေရိကန်၏ ရန်လိုမုန်းတီးမှုမူဝါဒနှင့် ကျွန်းဆွယ်မတည်မငြိမ်ဖြစ်စေသည့် တောင်ကိုရီးယား လက်နက် တိုးချဲ့တပ်ဆင်မှုတို့ကြောင့် မိမိနိုင်ငံတွင်လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရန်အတွက် စစ်မစတင်မိစေဘဲ စစ်အင်အားကိုသာ မြှင့်တင်ခဲ့ကြောင်း ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်ဟု ပြုံယမ်း၏နိုင်ငံပိုင်သတင်းဌာန KCNA က အောက်တိုဘာ ၁၂ ရက်က ထုတ်လွှင့်ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“အမေရိကန်က ကျနော်တို့ နိုင်ငံအပေါ် ရန်လိုတာ မဟုတ်ဘူးလို့ ခဏ ခဏ ပြသပါတယ်။ ဒါပေမယ့် အဲဒါကို ယုံဖို့က သူ့အပြုအမူတွေဟာ အခြေအမြစ်မရှိခဲ့ပါဘူး” ဟု ကင်မ်ဂျုံအန်း၏ ပြောကြားချက်ကို ကောက်နုတ်လျက် KCNA သတင်းဌာနက ဆက်လက်ဖော်ပြသည်။

Hwasong-16 သည် မြောက်ကိုရီးယား၏အကြီးမားဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်(ICBM) ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ စစ်ရေးပြပွဲတစ်ခုတွင် ပြုံယမ်းက ထုတ်ပြခဲ့သည်။ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အမျိုးအစားသည် ပင်လယ်၊ သမုဒ္ဒရာများကို ဖြတ်ကျော်လျက် အာရှ၊ မြောက်အမေရိကစသည့် ကမ္ဘာ့တိုက်ကြီး အချင်းချင်းကို လှမ်းပစ်နိုင်သည့်အစွမ်းရှိသည်။

 

“ကျနော်တို့က ဘယ်သူနဲ့မှ စစ်အကြောင်း နှီးနှောတိုင်ပင်နေတာ မဟုတ်ဘူးဗျ။ ဒါပေမယ့် စစ်ပွဲဖြစ်မှာကို တားဆီးဖို့နဲ့ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ပြင်ဆင်ရပါတယ်” ဟု ကင်မ်ဂျုံအန်းက ဆက်လက်ပြောကြားခဲ့သည်။

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံတို့သည် လက်နက်အပြိုင်အဆိုင်တပ်ဆင်မှု အရှိန်မြှင့်နေပြီး ပိုမို အဆင့်မြင့်သော တာတိုပစ်ပဲ့ထိန်းဒုံးကျည်များနှင့် အခြားလက်နက်အသစ် အဆန်းများကို နှစ်ဘက်စလုံးက စမ်းသပ်နေကြသည်။

တောင်ကိုရီးယားသည် မကြာသေးမီက ၎င်း၏ပထမဆုံး ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သည့် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး နောက်ထပ်လက်နက်သစ်များ တည်ဆောက်မည့်အစီအစဉ်မှာ လေယာဉ်တင်သင်္ဘောများ ဖြစ်သည်။ ထို့ပြင် အမေရိကန်လုပ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များကိုလည်း တောင်ကိုရီးယားက ဝယ်ယူ ဖြည့်တင်းခဲ့သည်။

မြောက်ကိုရီးယားကလည်း ၎င်း၏ဒုံးကျည်အစီအစဉ်ကို ရှေ့ရောက်အောင် တွန်းပို့နေပြီး နျူကလီးယား ဗုံး များအတွက် လောင်စာထုတ်လုပ်ရန် ၎င်း၏အဏုမြူဓါတ်ပေါင်းဖိုကို ချဲ့ထွင်နေပြီဟု စစ်ရေးအကဲခတ်သမား များက ပြောကြားနေကြသည်။

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနှင့် မည်သည့်အချိန်၌မဆို သံတမန်ရေးဆွေးနွေးပွဲ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားထားပြီးဖြစ်သည်။ ဝါရှင်တန်ထံမှ ပြုံယမ်းအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် တောင်ကိုရီးယားဘက်ခြမ်း၌ စစ်ရေးလှုပ်ရှားမှုကဲ့သို့ မူဝါဒများကို ဆုပ်ကိုင်ထားသရွေ့ ဝါရှင်တန်၏ ကမ်းလှမ်းမှုများကို စိတ်မဝင်စားကြောင်း ပြုံယမ်းက တုံ့ပြန်ထားသည်။