CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၂

ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးမှုကို အားပေးသည်ဟု မိမိအား ပြောကြားခဲ့ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းက ပြောသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့သည်။

ဝန်ကြီးဒွန်သည် မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့က နေ့ချင်းပြည် လာရောက်ခဲ့ပြီး နေပြည်တော် အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း အစည်းအဝေးမှာ ပြောကြားခဲ့သည်။

မစ္စတာ ဒွန်ပရာမွတ်ဝီနိုင်းက " သူမသည် ကျန်းမာရေးကောင်းမွန်ပါတယ်။ တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးမှုကို အားပေးတယ်" ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းခဲ့သည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီ ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

အဆိုပါ အခြေအနေတွင် NLD အမတ်များနှင့် ဒီမိုကရေစီအရေး တောင်းဆိုသူများက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ဖွဲ့စည်း၍ မြန်မာ့တပ်မတော် အား ပြန်လည် ဖြုတ်ချရေး လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။

ထိုလက်နက်ကိုင် တိုက်ပွဲများသည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  တနင်္လာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဖြစ်ပွားလျက်ရှိသည်။

ထို့နောက် NUG နှင့် PDF က ၂၀၂၃ ခုနှစ်သည် တော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဟု ကြွေးကြော်ထားသည်။

ပြည်တွင်းရှိ နိုင်ငံရေးအသိုင်းအဝိုင်းကတော့ မြန်မာ့အကျပ်အတည်းကို တွေ့ဆုံ ဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းလျက်ရှိသည်။