CNI International News

ဘေကျင်း၊ ဇူလိုင် ၁၁

တရုတ်နိုင်ငံအနေဖြင့် တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ရပ်တန့်နေသော ဆက်ဆံရေးကို စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဖြင့် တိုးတက်လာစေဖို့ မျှော်လင့်ထားသော်လည်း အိမ်နီးချင်းနှစ်နိုင်ငံမှာ အမေရိကန်ဖက်သို့ ပိုယိမ်းနေမှုကို တားနိုင်ဖွယ်မရှိဟု သုတေသီများက ပြောသည်။ 

တရုတ်ထိပ်တန်းသံတမန် ဝမ်ယိက ပြီးခဲ့သည့် ရက်သတ္တပတ်က ဆိုးလ်နှင့် တိုကျိုကို ဘေကျင်းနှင့် ပူးပေါင်း ဆောင်ရွက်မှုအား ပြန်လည်စတင်ရန် လိုအပ်ကြောင်း၊ အာရှဒေသကြီးအပြင်ဘက်က အင်အားကြီးနိုင်ငံ တစ်ခု ကြောင့် မယိမ်းယိုင်သင့်ကြောင်း အလေးအနက် ပြောကြားခဲ့ပြီးနောက်မှာ ယခု အကဲဖြတ်ချက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ 

ဝမ်ယိက “အာရှက ကျနော်တို့ရဲ့ ဘုံမြေပါ။ သုံးနိုင်ငံဟာ အိမ်နီးချင်းတွေဆိုတာလည်း အရှိတရားပါ။ တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယားတို့ဟာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး မှန်ကန်တဲ့ လမ်းကြောင်းကို အခိုင်အမာ ထိန်းသိမ်း ထားသင့်ပါတယ်”ဟု ကျင်းတောင်းတွင် ကျင်းပခဲ့သည့် သုံးနိုင်ငံဖိုရမ်တွင် ပြောကြားခဲ့သည်။ 

တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင်ကိုတွေ့ရစဉ်

ထိုပြောကြားချက်များမှာ တရုတ်အနေဖြင့် ဆိုးရွားလာနေသော စီးပွားရေး အခြေအနေနှင့် အမေရိကန်၏ ဖိအား များအပေါ် စိုးရိမ်နေကြောင်းကို ဖော်ပြနေသည်ဟု ဆိုးလ်ရှိ ကျွန်းဟီးတက္ကသိုလ်၊ တရုတ်ရေးရာ ပါမောက္ခ ချူး ဂျေးဝူးက ပြောသည်။ 

၂၀၁၁ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပလာခဲ့ပြီးနောက် ကျင်းတောင်းဖိုရမ်မှာ တရုတ်နိုင်ငံ၏ သြဇာကြီးမား သည့် ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ယောက် ပထမဆုံး တက်ရောက်သည့် ဖိုရမ်ဖြစ်သည်။ 

ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် စည်းလုံးမှုကိုပြသထားစဉ်

ပြီးခဲ့သည့်ရက်က ဘေကျင်းတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ယိုဟဲ ကိုနိုနှင့် တွေ့ဆုံရာတွင်လည်း ဝမ်ယိက သုံးနိုင်ငံ ဆက်ဆံရေးကို အလေးအနက်ထား ပြောကြားခဲ့ပြီး ပြည်ပစွက်ဖက်မှုကို ဖယ်ရှားကာ အာရှဒေသကြီးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပူးတွဲထိန်းသိမ်းကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့နောက် ဘေကျင်းတွင် တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေတုံနှင့် တောင်ကိုရီးယား ဒုနိုင်ငံခြားရေးဝန်ကြီး ချွိုင်ယန်းဆန် (Choi Young-sam)တို့ တွေ့ဆုံရာတွင်လည်း အပြန်အလှန် လေးစားမှုကို အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြှင့်ရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြသည်ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ပြောသည်။ 

Source: South China Morning Post