CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ 

မွန်လူမျိုးနှင့် မွန်ပြည်နယ်သူ ပြည်နယ်သားများကို အမျိုးသားလုံခြုံရေး (National Security)အကာအကွယ် ပေးနိုင်ဖို့အတွက် နွေဦးတော်လှန်ရေး အောင်မြင်ပြီးရင်တောင်မှ တပ်ဖွဲ့ကို မဖျက်သိမ်းဘဲ တောင့်တင်းခိုင်မာ သည့် လက်နက်ကိုင်အဖွဲ့ဖြစ် ရပ်တည်သွားမည်ဟု မွန်ပြည်ကာကွယ်ရေးတပ်(MSDF)က ပြောသည်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း၊ အတွင်းရေးမှူး နိုင်ရည်မွန်ဋ္ဌေးနှင့် တွဲဘက် အတွင်းရေးမှူး နိုင်ကိုသူတို့သည် မွန်ရဟန်းသံဃာတော်များ၊ မွန်လူမျိုးများနှင့် ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းပိုင်းက တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

MSDF က “ ကျနော်တို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ဖွဲ့စည်းရခြင်း အခြေခံရည်ရွယ်ချက် (၂)ခုကို ပြန် ပြောရမှာပါ။ MSDF ရဲ့ပင်မ ရည်ရွယ်ချက်က မျက်မှောက်ကာလမှာရော အနာဂတ် ကာလအတွက်ပါ မွန်လူမျိုး နှင့် မွန်ပြည်နယ်သူ ပြည်နယ်သားများကို အမျိုးသားလုံခြုံရေး(National Security) အကာအကွယ် ပေးနိုင်ဖို့ ဖွဲ့ စည်းတာ ဖြစ်တယ်။ ဒါကြောင့်မို့ နွေဦးတော်လှန်ရေး အောင်မြင်သွားပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည် ဆောက်နိုင်ခဲ့ရင်တောင်မှ မွန်ပြည်နယ်နှင့် မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ တောင့်တင်း ခိုင်မာတဲ့ မွန် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ရှိဖို့အတွက် MSDF က ဆက်လက် တည်ရှိသွားမှာပါ”ဟု ပြောသည်။

နွေဦးတော်လှန်ရေး အောင်မြင်သွားပါက အခြား PDF အဖွဲ့အစည်း တချို့ကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို စွန့်ပြီး တပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းဖို့ရှိလားဆိုသည့် မေးခွန်းအပေါ် MSDF က ခေါင်းဆောင်များက ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP) ရှိနေရက်နှင့် မည်သည့်အတွက်ကြောင့် မွန်လက်နက်ကိုင် တပ်ဖွဲ့အသစ် တစ်ဖွဲ့ ဖြစ်သည့် MSDF ကို ဖွဲ့စည်းရသလဲဟု တွေ့ဆုံပွဲ တက်ရောက်သူ တစ်ဦးက မေးခဲ့သည်။

၂၀၂၂ ခုနှစ်၊ မေလက မွန်ပြည်သစ်ပါတီ(NMSP) ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်

MSDF က “ အားလုံး သိကြတဲ့အတိုင်းပဲ စစ်ကောင်စီက မတရား အာဏာသိမ်းပြီးစ ကာလနဲ့ ယခုအချိန်အထိ မွန်ပြည်သစ်ပါတီက NCA သဘောတူညီချက်အတိုင်း စစ်ကောင်စီနဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုှု်င်းရေးမူကို လက် ကိုင်ထားဆဲပါ။ ကျနော်တို့ MSDF တပ်ဖွဲ့ရဲ့ သဘောထားနဲ့  နိုင်ငံရေး၊ စစ်ရေး အခြေခံမူဝါဒက စစ်ကောင်စီကို ဖြုတ်ချဖို့ လက်နက်ကိုင် နည်းလမ်းမှ တစ်ပါး တခြားနည်းလမ်း မရှိဘူးလို့ ယုံကြည်လို့ MSDF တပ်ဖွဲ့ဖွဲ့စည်းပြီး တခြား တိုင်းရင်းသာ ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ ကချင်၊ ကရင်၊ ကယား(ကရင်နီ)၊ ပအိုဝ်း အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ PDF တွေကဲ့သို့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကိုင်စွဲ လာခဲ့ရတယ်။ အကယ်လို့ NMSP ကသာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်မည်ဆိုလျှင် ကျနော်တို့ MSDF တပ်ဖွဲ့အသစ်တွေ ထပ်ဖွဲ့ဖို့ မလိုဘဲ အစကတည်းက မွန်လူမငယ်တွေ၊ မွန်နိုင်ငံရေး တက်ကြွသူတွေက မွန်ပြည်သစ်ထဲ ဝင်ပြီးပုကန်တော်လှန်ရုံပဲပေါ့။ အခုတော့ မွန်ပြည်သစ်က ဘာမှမလုပ်လို့ မွန်လက်နက်ကိုင် တပ်ဖွဲ့ အသစ်တွေ ဖြစ်တဲ့ MSDF ကို ဖွဲ့စည်းခြင်းဖြစ်တယ်”ဟု ပြောသည်။

မွန်လူမျိုးများသည် တော်လှန်ရေးကို ၁၉၅၈ ခုနှစ်က စတင်ခဲ့ပြီးနောက် မွန်အဖွဲ့အစည်းများ အမျိုးမျိုး ကွဲသွားခဲ့ ရာ လက်ရှိတွင် မွန်ပြည်သစ်ပါတီ(NMSP)က ဆက်လက် အမွေဆက်ခံထားသည်။

 MSDF ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းနှင့် လူထုတွေ့ဆုံနေစဉ်

ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးခဲ့သည်။

မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့(MSDF)ကတော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ပေါ်ပေါက်လာသော လက်နက်ကိုင် ဆန့်ကျင်မှုတွင် ပေါ်ပေါက်လာခဲ့သည့် မွန်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထို့နောက် မွန်ပြည်သစ်ပါတီသည် ၎င်းလှုပ်ရှားရာ ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္လာရီ တိုင်းဒေသကြီးများအတွင်း KNU ၊ KTLA (နယ်ဒါးမြအဖွဲ့)၊ PDF များ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် စစ်ရေး-နိုင်ငံ ရေးကို သတိကြီးကြီးထား ရပ်တည်နေရချိန်မှာ မွန်လက်နက်ကိုင် တစ်ဖွဲ့ (MSDF)ပေါ်ပေါက်လာခြင်းက အကျပ် အတည်း တစ်ခုကို ကြုံတွေ့လာနေရသည်ဟု မွန်ပြည်သစ်ပါတီနှင့်နီးစပ်သူများက ပြောသည်။