၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် (၅)ရပ်ကွက်တွင် လက်လုပ်မိုင်းပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ ၄ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ ဖောက်ခွဲရေး သင်တန်းကို တက်ရောက်ခဲ့သည်ဟု နစက-က ယမန်နေ့ (စက်တင်ဘာ ၂၅) တွင် ထုတ်ပြန်ခဲ့သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ TNLA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး မိုင်းအိုက်ကျော်က မိမိတို့ TNLA က သင်တန်းပေးတာမျိုး မရှိသလို လာရောက် သင်တန်းတက်သည့် သူလည်း မရှိကြောင်း CNI သတင်းဌာနကို ပြောသည်။

“ဟုတ်ကဲ့ ကျနော်တို့ဆီမှာတော့ အဲလိုမျိုး သင်တန်း ပေးတာလည်း မရှိဘူး။ လာတက်တဲ့သူလည်းမရှိဘူး။ ဒီဟာတော့ သူတို့ လျှောက်ရေးတာ ထင်တယ်။ ကျ နော်တို့ ဆီမှာ လာတက်တဲ့ သူမရှိဘူး” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

မိုးကုတ်မြို့အနီးတွင် ဖွင့်လှစ်သည့် TNLA တပ်ဖွဲ့၏ ဖောက်ခွဲရေးသင်တန်းတို့အား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

နစက-က “အီတိုးသည် မေလတွင် TNLA အဖွဲ့ထံတွင် ဖောက်ခွဲရေး သင်တန်းတက်ရောက်မည့် လူငယ် ၄ ဦးအား ၎င်း၏ကားဖြင့် ပြင်ဦးလွင် - နောင်ချိုမှ တစ်ဆင့် မိုးကုတ်သွား ကားလမ်းပေါ်ရှိ ပလောင်ရွာတစ်ခုသို့ ပို့ဆောင်‌ပေးခဲ့ကြောင်း” ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဖမ်းဆီးခံရသူများနှင့် ဆက်စပ်သူများမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ (၆) နယ်မြေတွင် ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် PDF များကို စစ်သင်တန်းနှင့် ဖောက်ခွဲရေးသင်တန်းများ ပေးနေကြောင်း သို့သော်လည်း အားလုံးကို မဆိုလိုကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန် ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ဖူးသည်။

ထို့နောက် ရန်ကုန်မြို့အတွင်း ဖောက်ခွဲမှုများ ပြုလုပ်ခဲ့သည် PDF များကို TNLA၊ KNLA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ မှ သင်တန်းများ ပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ စသည့် မြို့နယ်များ အပါအဝင် မန္တလေး တိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်များတွင် လှုပ်ရှားလျက်ရှိသော ပလောင်လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

လက်ရှိမှာလည်း အစိုးရနှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Bilateral) ထိုးနိုင်ရေး ဆွေးနွေးညှိနှိုင်း လျက်ရှိနေသော အဖွဲ့လည်း ဖြစ်သည်။