CNI International News

ဘန်ကောက်၊ မတ်လ ၂၁

အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ထိုင်းအောက်လွှတ်တော်ကို ဖျက်သိမ်းကာ ရွေးကောက်ပွဲ ကော်မရှင် (EC)က အစိုးရအား အိမ်စောင့်အစိုးရအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

လွှတ်တော်ကို ဖျက်သိမ်းသည့် တော်ဝင်အမိန့်ကို တနင်္လာနေ့တွင် Royal Gazette ၌ ဖော်ပြသည်။

ယင်းကို ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) က ထပ်ဆင့် လက်မှတ်ရေးထိုးခဲ့ပြီး ချက်ချင်း အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။

လက်ရှိ အချိန်အထိ ရွေးကောက်ပွဲရက်ကို မသတ်မှတ်ရသေးသော်လည်း လာမည့် ၄၅ ရက်မှ ရက် ၆၀ အတွင်း မဖြစ်မနေ ကျင်းပရမည် ဖြစ်သည်။

ထိုင်းရွေးကောက်ပွဲကော်မရှင်ကိုတွေ့ရစဉ်

ပရာယွတ် ဦးဆောင်သည့် လက်ရှိအစိုးရအဖွဲ့ကို အိမ်စောင့်အစိုးရ၏ ခေါင်းဆောင်အဖြစ် လုပ်ပိုင်ခွင့် ကန့်သတ်ခဲ့သည်။ အစိုးရ၏ ဥပဒေရေးရာများကို ဆောင်ရွက်ရသော ဒုတိယဝန်ကြီးချုပ် ဝစ်ဆာနူ ကရာအန်ဂမ် (Wissanu Krea-ngam) နှင့်တနင်္လာနေ့တွင် တွေ့ဆုံခဲ့သည်ဟု EC ၏ အထွေထွေအတွင်းရေးမှူး ဆာဝမ်ဘွန်းမီ (Sawaeng Boonmee) က အတည်ပြုသည်။

ဝစ်ဆာနူနှင့် တွေ့ဆုံမှုအတွင်း ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၉ အရ အိမ်စောင့်အစိုးရ လုပ်နိုင်သည် နှင့် မလုပ်နိုင်သည့် အရာများကို ဆွေးနွေးခဲ့သည်ဟု ဆာဝမ်က ပြောသည်။

အစိုးရအဖွဲ့ဝန်ကြီးများ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်မှုများနှင့် ပတ်သက်သည့် အရာများ ဖြစ်သည်။ ပုဒ်မ ၁၆၉ အရ EC သည် ဝန်ကြီးများ ၎င်းတို့ ကိုယ်ပိုင် အကျိုးစီးပွားအတွက် နိုင်ငံပိုင် အရင်းအမြစ်များနှင့် တပ်ဖွဲ့များကို အသုံးပြုခြင်းအား တားမြစ်သည့် သတ်မှတ်ချက်ကို ထုတ်ပြန်ခဲ့သည်။

ဝစ်ဆာနူနှင့် တွေ့ဆုံမှုတွင် ရွေးကောက်ပွဲရက်ကို မဆွေးနွေးခဲ့ကြောင်း ၊ ယင်းကို EC က ဆုံးဖြတ်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲရက်ကို ကော်မရှင်နာများက အင်္ဂါနေ့တွင် ဆွေးနွေးသွားမည်ဟု ယူဆရကြောင်း ဆာဝမ်က ပြောသည်။

ထိုင်း ဆန္ဒပြသူများကိုတွေ့ရစဉ်

ရွေးကောက်ပွဲရက်သည် မေလ ၇ ရက် သို့မဟုတ် ၁၄ ရက် ဖြစ်နိုင်သည်လား မေးမြန်းမှုအပေါ် ဆာဝမ်က ရွေးကောက်ပွဲ ရက်သည် လွှတ်တော်ဖျက်သိမ်းပြီး ၄၅ ရက်နှင့် ရက် ၆၀ အတွင်းသာ ဖြစ်ရမည်ဖြစ်ပြီး ယင်းကို ပိတ်ရက်တွင်သာ ကျင်းပသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

ဝန်ကြီးချုပ် ပရာယွတ်သည် လွှတ်တော် ဖျက်သိမ်းသည့် တော်ဝင်ဒီကရီ မူကြမ်းကို တနင်္လာနေ့ အစောပိုင်းတွင် ဘုရင်ထံသို့ ပေးပို့ခဲ့ကြောင်း ဝစ်ဆာနူက ပြောသည်။

ထိုဒီကရီတွင် ရွေးကောက်ပွဲနေ့ကို ဖော်ပြထားခြင်း မရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရအနေဖြင့် ဒီကရီကိုသာ ထုတ်ပြန်နိုင်ကြောင်း၊ ဒီကရီအား Royal Gazette က ထုတ်ပြန်ပြီးမှသာလျှင် EC က ရွေးကောက်ပွဲ ရက်ကို ပြင်ဆင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

Source: ဘန်ကောက်ပို့စ်