CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၄

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီဆိုကာ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် အဖွဲ့ သည် တရားမဝင်သလို မည်သည့် လုပ်ပိုင်ခွင့်မှ မရှိကြောင်း NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က မတ်လ ၃ ရက်နေ့မှာ သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တရားဝင် ရေးသား ထုတ်ဖော် ပြောကြားခဲ့သည်။

ပြည်ပရောက် ဦးအောင်ကြည်ညွန့်နှင့် ဒေါ်မေဝင်းမြင့် ဦးဆောင်သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော NLD CWC က ပြည်တွင်း(မြန်မာနိုင်ငံ)ရှိ NLD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်သည့် ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်၊ ဦးဝင်းမြင့်အောင်တို့ကို ပါတီမှ ထုတ်ပယ်ကြောင်း မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်သည့် အဖွဲ့တွင် မည်သည့် လုပ်ပိုင်ခွင့်မှ မရှိဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

ဦးတိုးလွင်က “ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါ အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့ CEC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝ တရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန် လည်း မခံသလို တာဝန်လည်း မယူကြောင်း 8.11.2021 ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် NLD ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး”ဟု ပြောသည်။

 ဦးတိုးလွင်နဲ့ ဦးဖြိုးမင်းသိန်းတို့ ၄ ဦးကို ထုတ်ကြောင်း NLD CWC ထုတ်ပြန်ချက်

ထို့နောက် NLD CWC အမည်ခံ၍ ဖွဲ့ခြင်းကလည်း တရားမဝင်ဘူးဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများက တဆင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ အပြတ်ပြောခဲ့ကြောင်း၊ ထိုအခြေအနေကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်သည့် NLD CWC နာမည်ကို အသုံးချ၍ NLD ၏ တရားဝင် ဖေ့စ်ဘွတ်ခ်ပေ့စ်ကို မောင်ပိုင်စီး ခိုးယယူ အသုံးပြုကာ NLD နာမည်နှင့် ကြေညာချက်များ ထုတ်နေခြင်းသည် လုံးဝ တရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဖူးသူတိုင်း သိကြသည်ဟု ၎င်းက ပြောသည်။

ဦးတိုးလွင်က “ ယခု So-called NLD CWC ဆိုတဲ့ သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဖက်မှာ ဖွဲ့ထားကြတဲ့ အဖွဲ့မှာ ပါဝင်တဲ့သူ အားလုံးဟာ ထိုင်းနိုင်ငံ၊ မဲဆောက်နဲ့ အမေရိကားကို အကုန်ရောက်နေကြတဲ့ သူတွေချည်း ပါပဲ။ NLD ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အဲဒီလို တိုင်းပြည်အပြင်ဖက် ထွက်သွားကြသူ တွေဟာ NLD ပါတီဝင်အဖြစ်တောင် တရားမဝင်တော့ပါဘူး။ သူတို့ဟာ NLD ပါတီဝင်တွေလို့တောင် မပြောနိုင်တော့ပါဘူး။ NLD ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီလို တိုင်းပြည်အပြင်ဖက် ထွက်သွားကြ တဲ့(ရှင်းရှင်းပြောရရင် ကြောက်လို့ ထွက်ပြေးသွားကြတဲ့)သူတွေဟာ ဘယ်တုန်းကမှ NLD တာဝန်ကို ယူလို့မရသလို တာဝန်ယူခဲ့ရင်လည်း တရားမဝင်ပါဘူး”ဟု ပြောသည်။

မိမိသည် NLD ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သလို NLD ပါတီ၏ အရေးကြီးဆုံးနှင့် အရေးပါဆုံး ဗဟို စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ် NLD ပါတီ၏ ဖွဲ့စည်းပုံ စည်းမျဉ်း လုပ်ထုံးလုပ်နည်းများအပြင် ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ NLD ပါတီ ပြန်မှတ်ပုံတင်ခဲ့ပြီးနောက်ပိုင်း NLD ပါတီ၏ ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များကို အားလုံးနားလည်သလို ကြေကြေညက်ညက်လည်း ရှိထားသူဖြစ်ကြောင်း ၎င်းက ပြောသည်။

NLD ပါတီအလံကိုတွေ့ရစဉ်

ထို့နောက် ၂၀၁၁ ခုနှစ် နောက်ပိုင်း ပြန်ဖွဲ့ခဲ့သည့် NLD ပါတီဖွဲ့စည်းပုံမှာ CWC(ဗဟိုအလုပ်ကော်မတီ)ဆိုတာ လုံးဝမရှိသလို ဖွဲ့ခဲ့ရင်လည်း တရားလုံးဝမဝင်ပါကြောင်း၊ NLD ပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများအရဆိုလျှင်တော့ ယခု So- called CWC အဖွဲ့မှာ ပါသည့် ၇ ဦး+ ဒေါ်မေဝင်းမြင့်တို့သည် NLD ပါတီအဖွဲ့ဝင်အဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်ပြီးသား ဖြစ်နေသူများဖြစ် ကြောင်း NLD ပါတီ၏ ဗဟိုကော်မတီဝင် ဦးတိုးလွင်က သူ၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ တရားဝင် ရေးသားထုတ်ဖော် ပြောကြားခဲ့သည်။

လက်ရှိတွင် NLD ၏ ဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာ ဇော်မြင့်မောင်တို့သည် နစက၏ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရပြီး ကျန် CEC များဖြစ်သည့် ဒေါက်တာမျိုးညွန့်၊ ဦးဟန်သာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဒေါ်ခင်ဋ္ဌေးကြွယ်တို့မှာ ပြည်တွင်းမှာ တည်ရှိ နေသည်။

ထို့နောက် ဒေါ်မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်မှာ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေပြီး NLD CWC ကို ဖွဲ့စည်း၍ ဦးဆောင်လျက်ရှိနေသည်။