CNI International News

ဆိုးလ်၊ဖေဖော်ဝါရီ ၁၈

ရန်ဘက်များကို ကြိုတင်ခန့်မှန်း၍မရအောင် ပြင်းထန်သော ဆောင်ရွက်ချက်များဖြင့် တုန့်ပြန်သွားမည်ဟု မြောက်ကိုရီးယားက သောကြာနေ့တွင် ခြိမ်းခြောက်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

မြောက်ကိုရီးယား၏ မြင့်တက်လာသော နျူကလီးယားခြိမ်းခြောက်မှုကို တန်ပြန်နိုင်ရေးအတွက် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများစွာ လုပ်ဆောင်ရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားဘက်က ထုတ်ပြန်ပြီးနောက် တွင် ထိုသို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၁ ရက်နေ့က တာတိုပစ်ဒုံးကျည်ပစ်ခဲ့ပြီးနောက်ပိုင်းကတည်းက ၎င်းတို့၏ လက်နက်ပစ်ခတ်စမ်းသပ်မှုများကို ရပ်ဆိုင်းထားသည်။ သောကြာနေ့ ခြိမ်းခြောက်မှုကြောင့် မြောက်ကိုရီးယား သည် ပစ်ခတ်စမ်းသပ်မှုများကို မကြာခင် ပြန်လည်စတင်တော့မည်ဟု ယူဆရသည်။ ခြိမ်းခြောက်မှုနှင့် စစ်ပွဲအ တွက်ကြိုတင်ပြင်ဆင်မှုဟု မြောက်ကိုရီးယားဘက်က သတ်မှတ်ထားသည့် စစ်ရေးလေ့ကျင့်မှုများကို တောင်ကို ရီးယားနှင့် အမေရိကန်တို့ဘက်မှ ပြုလုပ်မည်ဆိုလျှင် ၎င်းတို့သည် ကြိုတင်မခန့်မှန်းနိုင်အောင် ပြင်းထန်သည့် တုန့်ပြန်မှုများနှင့်ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဌာနက ပြောကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော် ပြသည်။

မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းရှိ ကင်အီဆောင်း ရင်ပြင်၌ ကိုရီးယားပြည်သူ့တပ်မတော် တည်ထောင်ခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတစ်ခုအတွင်း Hwasong-17 တိုက်ချင်းပစ်ဒုံးကျည်များကို ပြသခဲ့စဉ်(ဓါတ်ပုံ-အေပီ)

အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုများအပါအဝင် တောင်ကိုရီးယားနှင့်အမေရိကန်တို့သည် စစ်ရေးလေ့ကျင့်မှုပေါင်း ၂၀ ကျော်ကို လုပ်ဆောင်သွားရန်စီစဉ်ထားသည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ပူးပေါင်ဖျက်ဆီးနေကြသူများဟုလည်း မြောက်ကိုရီးယားဘက်က ပြောသည်။

ထုတ်ပြန်ချက်တွင် မြောက်ကိုရီးယားအစိုးရအနေဖြင့် မည်သည့်အမေရိကန်-တောင်ကိုရီးယားပူးတွဲစစ်ရေး လေ့ကျင့်မှုကို ရည်ညွှန်းပြောဆိုသလဲဆိုသည်ကို ကွဲကွဲပြားပြားမဖော်ပြထားပေ။သို့သော် မြောက်ကိုရီးယားသည် အဆိုပါ နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်တိုင်း ယင်းသည် ကျူးကျော်စစ်ဆင်နွှဲရန်အတွက် ကြိုတင် ပြင်ဆင်မှု ဖြစ်သည်ဟု ရှုတ်ချခဲ့ကာ ၎င်းတို့ ကိုယ်ပိုင်လက်နက်များကို ပစ်ခတ်စမ်းသပ်ခြင်းဖြင့် တုန့်ပြန်မှု လုပ်ဆောင်လေ့ရှိသည်။

ယင်းကြောင့်မြောက်ကိုရီးယားသည် တောင်ကိုရီးယား - အမေရိကန်စစ်ရေးလေ့ကျင့်မှုများကို ၎င်းတို့၏ လက်နက်များ စမ်းသပ်ရန် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချနေသည်ဟုပင် တစ်ချို့သော လေ့လာသုံးသပ် သူများက ရှုမြင်သည်။

မြောက်ကိုရီးယားသည် တိုးတက်လာသော ၎င်းတို့၏ နျူကလီးယားလက်နက်အင်အားကို အသုံးချပြီး နျူကလီးယာပိုင်ရှင်နိုင်ငံအဖြစ် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုခံရရေးအပြင် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားရေးနှင့် အခြားသောလိုက်လျောမှုများကို ရရှိရေး ဆောင်ရွက်နေသည်ဟုလည်း ၎င်းတို့က ပြောသည်။

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများ ထွက်ပေါ်လာသော်ငြားလည်း စစ်ရေးလေ့ကျင့်မှုများသည် ကာကွယ်ရေး အတွက်သာ ရည်ရွယ်သည်ဟု တောင်ကိုရီးယားနှင့်အမေရိကန်တို့က ပြောသည်။

Source:AP