CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၉

အနောက်အုပ်စု၏ လုပ်ဆောင်မှုများက အိန္ဒိယ-ရုရှား ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို ရပ်တန့် နိုင်လိမ့်မည် မဟုတ်ဟု ဘရားမို့စ်လေကြောင်း တည်ဆောက်မှု နည်းပညာဆိုင်ရာ အင်ဒို-ရုရှား ပူးတွဲလုပ်ငန်း (BrahMos Aerospace Indo-Russian Joint Venture)၏ မန်နေဂျင်းဒါရိုက်တာနှင့် CEO ဖြစ်သူ အတဲလ် ဒင်ကာ ရာနီ (Atul Dinkar Rane) က ဗုဒ္ဓဟူးနေ့တွင် တာ့စ်သတင်းဌာနသို့ ပြောခဲ့သည်။

အနောက်နိုင်ငံများက အိန္ဒိယ-ရုရှား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဟန့်တားနိုင်မည် လားဟု မေးမြန်းခဲ့ရာတွင် ရာနီက ပုဂ္ဂိုလ်ရေး ခံစားချက်အရ မည်သို့မှ မဖြစ်နိုင်ဟု ဖြေကြားခဲ့သည်။

တစ်စုံတစ်ယောက်က ကြိုးစားခဲ့လျှင်ပင် ကြိုးစားသူသာ ရှုံးနိမ့်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယသိပ္ပံပညာရှင်များနှင့် ရုရှား နည်းပညာရှင်များကြား ဆက်ဆံရေးမှာ လက်ရှိအချိန်တွင် နက်ရှိုင်းနေပြီဖြစ်ကြောင်း၊ အလွယ်တကူ ချိုးဖျက်၍ မရကြောင်း ၎င်းက ပြောသည်။

ထို့နောက် ရုရှားနှင့်မဆက်ဆံရန်၊ တခြားသူများနှင့် အစားထိုး ဆက်ဆံရန် ဥပဒေအရ ပြောခဲ့လျှင်ပင် ရုရှားနှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု ရာနီက ပြောသည်။

အတဲလ်ဒင်ကာရာနီကိုတွေ့ရစဉ်(GETTY IMAGES)

အနောက်အုပ်စု၏ ရုရှားအပေါ် ပိတ်ဆို့အရေး ယူမှုများသည် Brahmos ၏ လုပ်ငန်းဆောင်ရွက်မှုများကို မထိခိုက်စေကြောင်း ရာနီက ဆက်လက်ပြောသည်။

ပိတ်ဆို့ အရေးယူမှုများ ရှိနေသည့်တိုင် နှစ်ဖက်အကြား စစ်မှန်မှုသည် ဆက်လက် ဆောင်ရွက်သွားရန် လုံလောက် မှုရှိကြောင်း၊ ပြဿနာတိုင်းကို ကျော်လွှားနိုင်ကြောင်း၊ ရုရှားနှင့်ပူးပေါင်း ဆောင်ရွက်မှုတွင် မည်သည့် ပြဿနာမှ မရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။
အသံထက် ပိုမြန်သော BrahMos ဒုံးကျည်သည် Indo-Russian BrahMos Aerospace Joint Venture မှ ထုတ်လုပ်သော ထုတ်ကုန်တစ်ခု ဖြစ်သည်။

ယင်းကို ရုရှား၏ စက်ယန္တရား တည်ဆောက်ခြင်းဆိုင်ရာ လေ့လာမှုနှင့် ထုတ်လုပ်ရေးအဖွဲ့ နှင့် အိန္ဒိယ၏ ကာကွယ်ရေး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (DRDO) တို့က ဖန်တီးခဲ့ခြင်း ဖြစ်သည်။

BrahMos ဒုံးကျည်ကို ၂၀၀၁ ခုနှစ်တွင် ပထမဆုံး စမ်းသပ်ပစ်ခတ်ခဲ့သည်။

အိန္ဒိယ၏ ကြည်းတပ်၊ လေတပ်၊ ရေတပ်တို့တွင်လည်း ယင်းဒုံးကျည်များကို အသုံးပြုနေသည်။

နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မှု လုပ်ငန်းသည် အိန္ဒိယမြို့တော်တွင် အခြေစိုက်ကာ ယင်းဒုံးကျည်ကို အိန္ဒိယ၏ ဘရားမာ ဘူထရာမြစ်နှင့် ရုရှား၏ မော့စ်ကဗာမြစ်တို့ကို အစွဲပြု နာမည်ပေးထားခြင်း ဖြစ်သည်။

Source: တာ့စ်