CNI International News

ဘာမာကို၊ ဖေဖော်ဝါရီ ၇

မာလီကြားဖြတ်အစိုးရက ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းရေးအဖွဲ့၏ လူ့အခွင့်အရေးအဖွဲ့ခွဲမှ ခေါင်းဆောင် ဖြစ်သူကို နိုင်ငံတွင်းမှ နှင်ထုတ်လိုက်သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

၎င်းကို “လက်ခံ နိုင်စရာ မရှိသောလူ” (persona non grata)အဖြစ် ကြေညာခဲ့ပြီး ၄၈ နာရီအတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

မာလီအစိုးရဘက်မှ ထုတ်ပြန်ခဲ့သော ကြေညာချက် တစ်စောင်တွင် ဂွီလာအူမီ ဂီဖာ-အတွန်ဒိုကို အန်ဒါလီ (Guillaume Ngefa-Atondoko Andali) အား နှင်ထုတ်ရန် ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မာလီအကြောင်း ဆွေးနွေးမှုတွင် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဘက်လိုက်သော ရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ဖော်ပြထားသည်။

ထိုလုပ်ဆောင်မှုကို ဇန်နဝါရီ ၂၇ ရက်တွင် နောက်ဆုံး ပြုလုပ်ခဲ့သည်။ ယခုကိစ္စနှင့် ပတ်သက်၍ မာလီရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ MINUSMA နှင့် အန်ဒါလီတို့ဘက်မှ တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။
မာလီလက်နက်ကိုင် တပ်ဖွဲ့များသည် မာလီရှိ ရုရှားကြေးစားတပ်ဖွဲ့ ဝဂ်နာအဖွဲ့ (Wagner Group)တို့မှ ကြေးစား စစ်သားများနှင့် ပူးပေါင်းကာ နိုင်ငံတွင်း အကြမ်းဖက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲ ခံရခြင်းကြောင့် မာလီအစိုးရသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

နှင်ထုတ်ခဲ့ရသော ကုလကိုယ်စားလှယ် ဂွီလာအူမီ ဂီဖာ-အတွန်ဒိုကို အန်ဒါလီကိုတွေ့ရစဉ်(GETTY IMAGES)

ထို့ကြောင့် အဆိုပါ အဖွဲ့နှစ်ခု၏ လူသားချင်း စာနာမှုကို ဆန့်ကျင်သည့် ပြစ်မှုများနှင့် ဖြစ်နိုင်ဖွယ် စစ်ရာဇဝတ်မှု များနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု ပြုလုပ်ရန် ကုလသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူ များက ဇန်နဝါရီ ၃၁ ရက်တွင် တောင်းဆိုခဲ့သည်။

၂၀၂၁ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများသည် မာလီလက်နက်ကိုင် တပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ကျူးလွန်ခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများ၊ အဓမ္မမှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လုယက်တိုက်ခိုက်မှုများ၊ တစ်ဖက်သတ် ထိန်းသိမ်းမှုများ၊ လူပျောက်မှုများအတွက် ထပ်ခါ ထပ်ခါ တိုင်တန်းမှုများ၊ သတိပေးမှုများကို ရရှိခဲ့သည်ဟု ကုလဘက်မှ ထုတ်ပြန်သော ကြေညာချက် တစ်စောင် တွင် ဖော်ပြသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုမှ အာဏာရရှိလာခဲ့သော မာလီအစိုးရဘက်မှ ကုလသမဂ္ဂအဖွဲ့၏ စွပ်စွဲချက် တချို့ကို ငြင်းဆိုခဲ့ပြီး အာဏာပိုင်များ အနေဖြင့် နိုင်ငံတကာနှင့် မာလီဥပဒေများအရ လူ့အခွင့်အရေးကို လေးစားလိုက်နာ ခဲ့သည်ဟု ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ အခိုင်အမာ ပြောဆိုချေပခဲ့သည်။

Source: Aljazeera