CNI International News

တိုကျို၊ ဇန်နဝါရီ ၁၀

ရုရှားဆီသည် အိန္ဒိယမှ သုံးစွဲသူများအတွက် လက်ရှိဈေးကွက်အတွင်း အကောင်းဆုံး ရွေးချယ်စရာဖြစ်ပြီး ထို ဆက်သွယ်ချက်ကြောင့်ပင် ရုရှားမှ ဝယ်ယူရခြင်းဖြစ်သည်ဟု အိန္ဒိယက ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။

Nikkei သတင်းစာနှင့် အင်တာဗျူး ဖြေဆိုချိန်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာ (Subrahmanyam Jaishankar) က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယသုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဈေးကွက်အတွင်း အကောင်းဆုံး ရွေးချယ်မှုအား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသည် နိုင်ငံရေးနှင့် စွမ်းအင် အကျိုးစီးပွားအတွက် လူတိုင်းက အရှက်အ ကြောက် ကင်းစွာ လုပ်ဆောင်နေသည့် အခြေအနေအပေါ် တုန့်ပြန်မှုသာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးက ပြောသည်။

ထို့နောက် ရုရှားမှဆီများ ဝယ်ယူခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ဝိရောဓိ အခြေအနေတစ်ခုကို အိန္ဒိယ၏ အကျိုးစီးပွား အတွက် အသုံးချခြင်း ဥပမာတစ်ခု မဟုတ်ကြောင်းလည်း ပြန်လည်ဖြေရှင်းခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာကိုတွေ့ရစဉ်(တာ့စ်)

အင်အားကောင်းလာသော နိုင်ငံတစ်ခု အနေဖြင့် ယင်း၏ အကျိုးစီးပွားကိုသာ ကြည့်မည်ဖြစ်ကြောင်း၊ တစ်ခါ တစ်ရံတွင် စုပေါင်းရပ်တည်မှု သို့မဟုတ် ပို၍ခိုင်မာသော ရပ်တည်မှုနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်ကြောင်း လည်း ဂျိုင်ရှန်ကာက ပြောသည်။

ယှဉ်ပြိုင်မှုနှင့် ဝိရောဓိဖြစ်မှုက အခွင့်အလမ်းများကို ပေါ်ပေါက်စေကြောင်း၊ ယင်းက အိန္ဒိယနိုင်ငံအတွက် အကျိုး ရှိစေသောကြောင့် အသုံးခြင်ဖြစ်ကာ အသုံးချသင့်သည်ဟုလည်း ယူဆကြောင်း၊ မည်သည့် အနေအထားဖြစ်ပါစေ ရုရှားမှ လောင်စာဆီ ဝယ်ယူခြင်းသည် ထိုအငြင်းပွားမှုအတွက် ကောင်းမွန်သည့် ဥပမာတစ်ရပ် မဟုတ်ဟုလည်း ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

သံတမန်နည်းလမ်းများတွင် နိုင်ငံအားလုံးသည် ၎င်းတို့အကျိုးစီးပွားအတွက် ဆောင်ရွက်နေချိန်တွင်ပင် အတွေး အမြင်များကို ဖယ်ရှားထားကြောင်း၊ အကြောင်းအရာ အားလုံးတွင် တခြားသူများက သဘောမတူရုံဖြင့် ပူးပေါင်း ဆောင်ရွက်မှုကို ရပ်တန့်လိမ့်မည် မဟုတ်ကြောင်း၊ အဆိုပါ ယုတ္တိအရဆိုလျှင် မည်သူနှင့်မှ စီးပွားရေး ဆောင်ရွက် နိုင်မည် မဟုတ်ကြောင်းလည်း ဂျိုင်ရှန်ကာ ပြောခဲ့သည်။

တရုတ်နှင့်အမေရိကန် တို့ပြီးနောက် တတိယ ရေနံစိမ်း တင်သွင်းသူဖြစ်သော အိန္ဒိယနိုင်ငံသည် လက်ရှိအချိန် အထိ ရုရှားမှ ရေနံများကို ဝယ်လျက်ရှိသည်။

Source: တာ့စ်