CNI International News

မော်စကို၊ဒီဇင်ဘာ ၂၀

တရုတ်နှင့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်အတွက် ရုရှားစစ်သင်္ဘောများ တနင်္လာနေ့တွင် ထွက်ခွာ သွားခဲ့သည်ဟု AP သတင်းတွင်ဖော်ပြသည်။ယင်းက အမေရိကန်နှင့် တင်းများမှုများရှိနေချိန်တွင် တရုတ်နှင့် ရုရှားနှစ်နိုင်ငံကြား ကာကွယ်ရေးဆိုင်ရာ နီးကပ်သည့်ဆက်ဆံရေးအနေအထားကို မြှင့်တင်လာခြင်းကိုလည်း ဖော်ပြနေသည်။

Varyag(ဗားရက်ခ်)ခရူဇာစစ်သင်္ဘော၊ Marshal Shaposhnikov(မာရှယ် ရှာပိုရှနီခက်ဖ်)ဖျက်သင်္ဘောနှင့် ရုရှား ပစိဖိတ်စစ်သင်္ဘောအုပ်စုမှ အစောင့်သင်္ဘောနှစ်စင်းတို့သည် ဗုဒ္ဓဟူးနေ့၊ အရှေ့တရုတ်ပင်လယ်တွင် စတင်မည့် လေ့ကျင့်ရေး၌ ပါဝင်သွားမည်ဟု ရုရှားကာကွယ်ရေးဌာနက ပြောသည်။

တရုတ်ရေတပ်ဘက်မှ စစ်သင်္ဘောတချို့နှင့် ရေငုပ်သင်္ဘောတစ်စင်းလည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင် မည်ဖြစ်ပြီး တရုတ်နှင့် ရုရှားစစ်လေယာဉ်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်သွားမည်ဟု ရုရှား ကာကွယ်ရေးဌာနက ပြောသည်။ ရုရှားနှင့်တရုတ်တို့သည် ပြီးခဲ့သည့်လများမှ စတင်ကာ ၎င်းတို့ကြားစစ်ဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကြီးထွားလာသည်ကို ထုတ်ဖော်ပြသခဲ့သည်။

ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်(ဓါတ်ပုံ-ရိုက်တာ)

ပြီးခဲ့သည့်နိုဝင်ဘာလတွင်လည်း ရုရှားလေတပ်၏ Tu-95 ဗုံးကြဲလေယာဉ်များနှင့် တရုတ်၏ H-6K လေယာဉ်များ သည် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့တွင် ပူးတွဲကင်းလှည့်မှုပြုလုပ်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားဗုံးကြဲလေယာဉ်များသည် ပထမဆုံးအကြိမ်အဖြစ် တရုတ်မြေပေါ်သို့ ဆင်းသက် ခဲ့ကာ တရုတ်လေယာဉ်များသည်လည်း ရုရှားရှိလေတပ်အခြေစိုက်စခန်းများသို့ ပျံသန်းခဲ့သည်။ရုရှားနှင့်ပူးတွဲ လေ့ကျင့်ရေးပြုလုပ်ရန်အတွက် စက်တင်ဘာလတွင် တရုတ်ဘက်မှတပ်သား ၂၀၀၀၊ စစ်ယာဉ် ၃၀၀၊ တိုက်ခိုက် ရေးလေယာဉ် ၂၁ စီးနှင့် စစ်သင်္ဘော ၃ စီးကို ရုရှားသို့ စေလွှတ်ခဲ့သည်။ယင်းက တရုတ်နိုင်ငံအနေဖြင့်ရုရှားနှင့် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွက် ၎င်းတို့၏ စစ်တပ်အခွဲ ၃ ခုမှ တပ်သားများကို ပထမဆုံးအကြိမ် စေလွှတ်မှု ဖြစ်ကာ တရုတ်-ရုရှား အပြန်အလှန် ယုံကြည်မှုကို ဖော်ပြခြင်းလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့(တနင်္လာနေ့)တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းဋ္ဌာနမှ ထုတ်ပြန်သည့် ဗီဒီယိုမှ ရိုက်ကူးထားသော ဓာတ်ပုံတွင် ရုရှားနှင့် တရုတ်တို့ စီစဉ်ထားသော ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှု အတွက် ရုရှား၏ပစိဖိတ်သမုဒ္ဒရာတွင် Sovershenny corvette ရွက်လွှင့်သွားနေစဉ်(ဓါတ်ပုံ-အေပီ)

ရုရှားသမ္မတ ပူတင်က ရုရှားတပ်များကို ယူကရိန်းသို့စေလွှတ်လိုက်သည့် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်ကာ တရုတ်နှင့်ရုရှားတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာခဲ့သည်။

ရုရှားနှင့် အတိုင်းအတာမရှိသော မိတ်ဖက်ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်ဟု သတ်မှတ်ထားသော တရုတ် နိုင်ငံသည် ရုရှား၏လုပ်ရပ်များအတွက် ဝေဖန်ခဲ့ခြင်းမရှိဘဲ ရုရှားကို ရန်စခဲ့ခြင်းအတွက် အမေရိကန်နှင့်နေတိုး တို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။

အပြန်အလှန်အနေဖြင့် ထိုင်ဝမ်အရေးအတွက် တရုတ်နှင့်အမေရိကန်တို့ တင်းမာမှု များရှိနေချိန်တွင် ရုရှား ဘက်က တရုတ်ကိုအခိုင်အမာထောက်ခံခဲ့သည်။

Source:AP