CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇

၂၀၂၀ ရွေးကောက်ပွဲပြဿနာကို ဦးတည်၍ ဖြေရှင်းခြင်းသည် အရင်းခံနိုင်ငံရေး ပြဿနာအား ဖြေရှင်းခြင်း မဟုတ်သဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ(RCSS)က ယနေ့(နိုဝင်ဘာ ၁၇ ရက်)တွင် ထုတ်ပြန်ခဲ့သည်။

အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး၏ ဆုံးဖြတ်ချက်များအား ကြိုဆိုခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ပြောကြားထားခြင်း ဖြစ်သည်။

RCSS က “၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်၊ ၂၀၂၀ ရွေးကောက်ပွဲပြဿနာကို ဦးတည်၍ ဖြေရှင်းခြင်းသည် အရင်းခံနိုင်ငံရေး ပြဿနာအား ဖြေရှင်းခြင်း မဟုတ် သဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်မည်မဟုတ်”ဟု ပြောသည်။

ထို့နောက် အာဆီယံ အနေဖြင့် တွေ့ဆုံ ဆွေးနွေးမည်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများ(EAO)၊ နစက (SAC)၊ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါ အဝင် Stakeholders များ အားလုံးနှင့် တွေ့ဆုံ ဆွေးနွေး၍ ဝိုင်းဝန်းကြိုးပမ်း နည်းလမ်းရှာနိုင်မှသာ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

အလားတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အသိသက်သေနိုင်ငံများ၊ အဖွဲ့အစည်းများ အနေဖြင့် ပါဝင်ကူညီပံ့ပိုးရန် လိုအပ် ကြောင်း RCSS က တိုက်တွန်းထားသည်။

RCSS သည် NCA စာချုပ် လက်မှတ်ရေးထိုးထားသော ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး နစကနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွေ့ဆုံ ဆွေးနွေးလျက်ရှိနေသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် မဲစာရင်း များ အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် နိုင်ငံရေး အကျပ်အတည်းဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခများ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် ဖြစ်ပွားနေသည်။

အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့အထိ နေအိမ်၊ အဆောက် အအုံ(ဘာသာရေး အဆောက်အအုံများ အပါအဝင်) ၃၈၅၆၈ လုံးထက် မနည်း မီးရှို့ဖျက်ဆီးခြင်း ခံထားရ ကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။