CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေး ကာလ၌ မြန်မာများ ဆန္ဒပြခြင်းနှင့် နယ်ကျော်သွားလာခြင်း ရှောင်ကြဉ်ကြရန် လိုအပ်ကြောင်း ထိုင်းရှိ အလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ အစည်းအဝေးအား နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကာ ထိုင်းဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများ၊ အတိုက်အခံများ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများနှင့် အမျိုးသမီး အရေး တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းများက ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထိုင်းအစိုးရက ဘန်ကောက်မြို့ရှိ APEC အစည်းအဝေးနှင့် သက်ဆိုင်သည့် နေရာများတွင် ဆန္ဒပြပွဲ များအား ခွင့်မပြုရန်နှင့် လုံခြုံရေး ထပ်မံတင်းကြပ်ရန် အမိန့်ထုတ်ပြန် ထားသည်။

APEC အစည်းအဝေးအတွက် ပြင်ဆင်ထားမှုများကိုတွေ့ရစဉ် (GETTY IMAGES)

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ကိုသားကြီးက “ဒီဟာကို တရားဝင် ကြေညာထားပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီအတိုက်အခံ ပါတီတွေရဲ့ ဆန္ဒပြပွဲထဲမှာ သွားရောက် ပါဝင်ပတ်သက်ခဲ့မယ်ဆိုရင် အတိုက်အခံပါတီတွေက သူ့နိုင်ငံသားဖြစ်တဲ့အတွက် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့လို့ အဖမ်းခံ ရတယ်ဆိုရင်တောင်မှ သူတို့နိုင်ငံရဲ့ တည်ဆဲဥပဒေအရ အာမခံတွေနဲ့ ထုတ်တာမျိုးတွေ ရနိုင်တယ်ပေါ့။ အဲဒီတော့ ဒီနေရာမှာ မြန်မာနိုင်ငံသားတွေ ပါဝင်ခဲ့မယ်ဆိုရင် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေပဲဖြစ်ဖြစ် ရွှေ့ ပြောင်း အလုပ်သမားတွေပဲ ဖြစ်ဖြစ်ပေါ့။ မြန်မာနိုင်ငံသားတွေ သတိထားရမှာက ဒီလိုခွင့်ပြုချက် မရှိဘဲနဲ့ ဆန္ဒပြ မှုတွေကို ပါဝင်လုပ်ဆောင်ခဲ့မယ်ဆိုရင် ထိုင်းဥပဒေအရ အရေးယူခံရမှာ ဖြစ်တဲ့အတွက် ဒါလေးတွေကို ဆောင်ရန် ရှောင်ရန် အရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောလိုတယ်။ ဒုတိယတစ်ချက်ကတော့ ဒီအစည်းအဝေးဟာ သူတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာရော၊ သူတို့နိုင်ငံရဲ့ အဖက်ဖက် အရပ်ရပ်ကနေ ပြန်ကြည့်ရင် အရေးကြီးတဲ့ အစည်း အဝေး တစ်ခု ဖြစ်တဲ့အတွက် နယ်စပ်ဒေသတွေမှာလည်း လုံခြုံရေးတွေကို တင်းတင်းကြပ်ကြပ် အရင်ကထက် ပိုပြီးတော့မှ ချထားတာကို တွေ့ရတယ်။ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ဆန္ဒပြမယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမားတည်ဆဲဥပဒေတွေနဲ့အညီ ခွင့်ပြုချက်တွေ ယူပြီးတော့မှ ဆန္ဒပြလို့ရတာပေါ့” ဟု CNI သတင်းဌာန သို့ ပြောသည်။

အဆိုပါ အစည်းအဝေးကာလ၌ နယ်မြေဒေသ ကျော်လွန်၍ ဘန်ကောက်မြို့သို့ ချီတက် ဆန္ဒပြခြင်းများကိုလည်း အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းအစိုးရမှ ထုတ်ပြန်ထားသည်။

ထို့အပြင် မြန်မာရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်း အချို့အား ဆန္ဒမပြရန် ထိုင်းအာဏာပိုင်များက စောင့် ကြည့်နေကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်(MWRN)မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ် (GETTY IMAGES)

 

၎င်းက “လက်ရှိအခြေအနေမှာ ဖိအားပေး ခံထားရတဲ့အထဲမှာ ကျနော်တို့ကပါနေတော့ ထိုင်းအာဏာပိုင်တွေက ဖိအား တအား ပေးထားတဲ့ အတွက်ကြောင့် ကျနော်တို့ကိုယ်တိုင်က လှုပ်ရှားနိုင်ဖို့ရှိမှာ မဟုတ်ဘူး။ အကြိမ်ပေါင်း များစွာရှိပါပြီ ကျနော်တို့ဆီကို လာနေတာက။ သွားရောက်ဖို့ ဝင်ရောက်ဖို့ မလုပ်ပါနဲ့။ တကယ်လို့ လုပ်ခဲ့မယ်ဆို ရင် သူ့နိုင်ငံရဲ့ မျက်နှာပျက်ပြားစေတယ်။ ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုတာမျိုးနဲ့။ ကျနော်တို့က ထိုင်းနိုင်ငံမှာ လည်း ကြာလည်းကြာပြီ။ လူထုလှုပ်ရှားမှု ရှေ့တန်းက ဦးဆောင်မှုကဏ္ဍတွေမှာ ရှိနေတော့ သူတို့က ကြိုတင်လာ ပြီး ကျနော်တို့ကို ထိန်းချုပ်ထားလိုက်တဲ့ သဘောပါ။ ဘန်ကောက် အတွင်းမှာ ရှိနေကြတဲ့လူတွေ သူ့နည်းသူ့ဟန် နဲ့ လုပ်တာတွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါကတော့ တစ်မျိုးပေါ့တဲ့။ တခြား ပြည်ပခရိုင်တွေ ကနေ ဘန်ကောက်မြို့ကို ချီတက်တာကိုတော့ ကျနော်တို့အနေနဲ့ လုံးဝလက်ခံမှာ မဟုတ်ဘူး။ အဲဒါတွေကိုတွေ့ ရှိခဲ့မယ် ဆိုရင် ကျနော်တို့ လက်ရှိ အထက်ရဲ့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့တာတွေ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပြောတဲ့အတွက်ကြောင့်။ အဖွဲ့အစည်းအရ သော်လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီအရ သော် လည်းကောင်း ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို စဉ်းစားဆုံးဖြတ်ပြီး လုပ်ကြပါလို့ပဲ ပြောလိုတာပေါ့” ဟု ပြောသည်။

မြန်မာများအနေဖြင့် APEC အစည်းအဝေးကာလတွင် နယ်မြေဖြတ်ကျော် သွားလာမည်ဆိုပါက အထူးသတိပြုရန် လိုအပ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ့်မှာ အဲဒီလိုနေရာတွေ မဖြစ်မနေ သွားရမယ်ဆိုရင် ကိုယ့်ရဲ့ စာရွက်စာတမ်း အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ သွားဖို့ လာဖို့ လိုတယ်။ နောက်ပြီး အရေးအကြောင်း ဖြစ်လာ တယ်ဆိုရင် ဘယ်လို ဆက်သွယ်လို့ ရမလဲပေါ့။ ကိုယ့်ရဲ့ အလုပ်ရှင်တွေ၊ သက်ဆိုင်ရာတွေကို ကိုယ်က ဆက်သွယ် ဖို့ အတွက်ကို အဆင်သင့် ပြင်ထားတယ်ဆိုရင် ကောင်းတယ်။ အခုက သူတို့က မြန်မာနိုင်ငံသားရယ်လို့တော့ မဟုတ်ဘူး။ အားလုံးကို စစ်ဆေးတာပေါ့။ ကိုယ်တွေက အသွားအလာ အနေအထိုင်ကို အရင်ကထက်စာရင် ပိုပြီး ဂရုစိုက်ရင် ကောင်းတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များသည် APEC အစည်းအဝေးတွင် ပါဝင်သည့် နိုင်ငံများမှ အကြီးအကဲများ တက်ရောက်ကြမည် ဖြစ်သည့်အတွက် အောက်တိုဘာလ ကတည်းက ထိုင်းနိုင်ငံအတွင်း လုံခြုံရေး တင်းကြပ်ချထားပြီး စစ်ဆေးမှုများ အား ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။