CNI International News

မော်စကို၊ နိုဝင်ဘာ ၁

တစိတ်တပိုင်း စစ်ရေးလှုပ်ရှားမှုများနှင့် စစ်မှုထမ်းဆင့်ခေါ်စာများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု မော်စကိုအခြေစိုက် တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

“စစ်မှုထမ်းရုံးတွေနဲ့ ဒေသန္တရအစိုးရအသီးသီးတွေမှာ အရန်တပ်အင်အား စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့ လှုပ်ရှားမှု အားလုံးကို ရပ်ဆိုင်းလိုက်ပါပြီ။ ပြင်ဆင်ရေးနဲ့ ဆင့်ခေါ်စာပေးပို့တာတွေကိုလည်း အခု ရပ်ဆိုင်းထားပါတယ်” ဟု ဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တစိတ်တပိုင်း စည်းရုံးသိမ်းသွင်းမှု အပြီးသတ်အစီရင်ခံစာများကို နိုဝင်ဘာ ၁ ရက် (ယနေ့) နောက်ဆုံးတင်ပြ ကြရမည်ဖြစ်ပြီး ယင်းကိစ္စနှင့်စပ်လျဉ်းသည့် ညွှန်ကြားချက်များကို စစ်တိုင်းနှင့်ခရိုင်အလိုက် တပ်မှူးများနှင့် မြောက်ပိုင်းတိုင်း ရေတပ်မှ တပ်မှူးထံသို့ ပေးပို့ထားကြောင်း ဝန်ကြီးဌာန၏ထုတ်ပြန်ချက်ထဲတွင် ဆက်လက် ရေးသားထားသည်။

မော်စကိုရှိ စစ်ပညာကျောင်းဆင်း တပ်သားများကိုတွေ့ရစဉ်(ဓါတ်ပုံ-Victor Berzkin/ZUMA)

စည်းရုံးသိမ်းသွင်းရေးလုပ်ငန်းစဉ်အရ အသုံးပြုခဲ့သော အစည်းအဝေးပွဲနေရာများနှင့် အခြားအဆောက်အအုံများကို ယခုအခါ ၎င်းတို့၏ယခင်မူလရည်ရွယ်ချက်များအတိုင်း အသုံးပြုသွားရမည်ဖြစ်ဖြစ်ပြီး စစ်မှုရေးရုံးများကို လည်း မူလလုပ်ငန်းဆောင်တာများအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်သွားစေမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောသည်။

စစ်မှုထမ်းရေးအတွက် စစ်သားစုဆောင်းရေးရုံးခွဲအသီးသီးမှာ တပ်ဖွဲ့ဝင်သစ်များအဖြစ် စေတနာ့ဝန်ထမ်းနှင့် စာချုပ်ချုပ်ထားသည့် တပ်သားများကိုသာ ဆက်လက်ခေါ်ယူသွားမည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်တွင် စတင်ခဲ့သည့် တစိတ်တပိုင်း စစ်မှုထမ်းစည်းရုံးသိမ်းသွင်းရေးလှုပ်ရှားမှုကို အပြီးသတ်လိုက်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု (Sergey Shoigu) က သမ္မတဗလာ ဒီမာပူတင်ထံသို့ အစီရင်ခံတင်ပြပြီးဖြစ်သည်။

လူသစ် ၃၀၀,၀၀၀(သုံးသိန်း) ဆင့်ခေါ်ထားပြီးဖြစ်သည်ဟု ရွှိုင်ဂုက ပြောကြားထားပြီး တစိတ်တပိုင်း စည်းရုံးခြင်း အတွက် နောက်ထပ်ရည်မှန်းချက်များ ချမှတ်ထားမှု မရှိကြောင်း သိရသည်။

Source: တာ့စ်သတင်းဌာန