CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅

ဆစ်ဒနီမှာ ကျင်းပတဲ့ ၂၀၂၂ သြစတြေးလျဖလား ဗိုလ်လုပွဲမှာ နာဇီပုံစံ အလေးပြုတဲ့ ပရိသတ်တစ်ဦးကို သြစတြေးလျ အက်ဖ်အေက ကျင်းပတဲ့ ဘယ်ဘောလုံးပြိုင်ပွဲမဆို ဝင်ရောက်ကြည့်ရှုခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ မက်ကာသာအသင်းက ဆီမီးပရိုအသင်းဖြစ်တဲ့ ဆစ်ဒနီယူနိုက်တက် 58 အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။

သြစတြေးလျအက်ဖ်အေက ဒီပွဲကို ကြည့်ရှုသူ ပရိတ်သတ် ၁၆,၀၀၀ ဦးထဲက ပရိသတ်အချို့ရဲ့ အပြုအမူကို တုံ့ပြန်တဲ့အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ကတိပြုခဲ့တာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ် လာတဲ့ ဓါတ်ပုံတွေအရ ဆစ်ဒနီအသင်းကို အားပေးတဲ့ ပရိသတ်အချို့ဟာ ပွဲချိန်အတွင်း နာဇီပုံစံ အလေးပြုနေ တာကို မြင်တွေ့ခဲ့ရတာပါ။

သြစတြေးလျ ဂျူးအုပ်စုက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီး အချို့ပရိသတ်တွေက ပွဲမစတင်ခင်မှာ အော်ဟစ် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

 ပရိသတ်များကိုတွေ့ရစဉ်  (FTBL)

“သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်က ဒီပွဲကို တက်ရောက်ကြည့်ရှုတဲ့ ပရိသတ်တစ်ဦးရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို အဆုံးသတ်လိုက်ပါပြီ။ ဒီပရိသတ်ကို သြစတြေးလျနဲ့ သက်ဆိုင်တဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ဝင်ရောက်ကြည့်ရှုခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပါပြီ။ ဒီပိတ်ပင်မှုဟာ ချက်ချင်း အသက်ဝင်တယ်”လို့ သြစတြေးလျအက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ ပိတ်ပင်ခံရတဲ့သူ ဘယ်သူလဲဆိုတာကို ဖော်ပြထားခြင်း မရှိပါဘူး။ ဆစ်ဒနီယူနိုက်တက် 58 ကို ၁၉၅၈ မှာ ဆစ်ဒနီခရိုအေးရှားအဖြစ် တည်ထောင်ခဲ့တာပါ။ ပရိသတ်အချို့ဟာ ၁၉၃၀ နဲ့ ၁၉၄၀ နှစ်တွေမှာ ခရိုအေးရှားရှိ လက်ယာစွန်း Ustase လှုပ်ရှားမှုနဲ့ ဆက်စပ်တဲ့ သီချင်းတွေကိုလည်း သိဆိုခဲ့ကြတာ ဖြစ်ပါတယ်။

NPL NSW လိဂ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ဆစ်ဒနီယူနိုက်တက် 58 ဟာ ပြီးခဲ့တဲ့ သြစတြေးလျ ဖလားပြိုင်ပွဲမှာ သြစတြေးလျ ထိပ်သီး အသင်းတွေဖြစ်တဲ့ ဘရစ်စဘိန်းရိုအာ၊ ဝက်စ်တန်ယူနိုက်တက် တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ တက်လာခဲ့တာပါ။

ဒါပေမယ့် ဗိုလ်လုပွဲမှာ သြစတြေးလျ ထိပ်သီးကလပ် မက်ကာသာအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Source: CNA