CNI Sport News

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅

မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာအသင်းနဲ့ ချင်းမိုင်အသင်းတို့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပခုံးညှပ်ရိုးကျိုးဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

လမ်ပန်ဝါရီယာအသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ မောင်မောင်လွင်ဟာ အစောပိုင်းက ဒီဒဏ်ရာနဲ့ပတ်သက်ပြီး ခွဲစိတ်မှုပြုလုပ်ဖို့ ငြင်းဆန်ခဲ့သေးတာပါ။ဒါပေမယ့် ပြန်လည်ထူထောင်ရမယ့်အချိန်က အလွန်မြန်ဆန်နိုင်တဲ့ အခြေ အနေမှာရှိတာကြောင့် ကစားသမားက သဘောတူညီခဲ့တယ်လို့ အေးဂျင့်ဖြစ်သူက ပြောထားခဲ့ပါတယ်။ မောင်မောင်လွင်အနေနဲ့ ခွဲစိတ်ကုသမှုခံယူပြီးရင် တစ်လကျော်အတွင်းမှာ ပြန်ကစားခွင့်ရဖို့ မျှော်လင့်နိုင်တယ် လို့လည်း သိရတာပါ။

လမ်ပန်ဝါရီယာအသင်းဟာ အခုရာသီသစ် ထိုင်းလိဂ် ၁ ပြိုင်ပွဲယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အသင်းကို ပိုမို ကောင်းမွန်အောင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။သြဂုတ်လ ၁၂ ရက်မှာ ထိုင်းလိဂ် ၁ ရာသီသစ် ပြန်လည်စတင်တော့မှာ ဖြစ်တာကြောင့် မောင်မောင်လွင်ရဲ့ဒဏ်ရာဟာ အသင်းအတွက်ရော ကစားသမား အတွက်ပါ ထိခိုက်နစ်နာမှု တွေရှိခဲ့တာပါ။မြန်မာ့လက်ရွေးစင်ကစားသမားအနေနဲ့ လက်ရှိဒဏ်ရာအခြေအနေ ကြောင့် ထိုင်းလိဂ် ၁ ရာသီအစ ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေပါတယ်။

မောင်မောင်လွင်ဟာ လမ်ပန်ဝါရီယာအသင်းကို ရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့ရာသီကတည်းက ခြေစွမ်းပြသနိုင်ခဲ့ တာကြောင့် ပွဲထွက်ခွင့်တစ်နေရာကို ရရှိထားတာဖြစ်ပါတယ်။မောင်မောင်လွင်ကို ခေါ်ယူဖို့ အသင်းတချို့က စိတ်ဝင်စားမှုရှိခဲ့ပေမယ့် ကစားသမားက လမ်ပန်ဝါရီယာမှာပဲ ဆက်နေခဲ့တာပါ။ရန်ကုန်ယူနိုက်တက်ကစား သမားဟောင်းကို ထိုင်းကလပ်က ကျောနံပတ် ၁၁ ဂျာစီပေးခဲ့ပြီး ပွဲထွက်ခွင့်နေရာအတွက်ပါ ဆက်လက် အာမခံချက်ပေးခဲ့တာပါ။မောင်မောင်လွင်ဟာ ချင်းမိုင်နဲ့ခြေစမ်းပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။

မောင်မောင်လွင်ဟာ ပြီးခဲ့တဲ့ရာသီက လမ်ပန်ဝါရီယာအသင်းအတွက် ၁၈ ပွဲပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးနိုင်ခဲ့တာပါ။သူဟာ ထိုင်းလိဂ် ၂ ပြိုင်ပွဲရဲ့ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ တာ ဖြစ်ပါတယ်။