CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၉

စပါးအသင်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အသံတွေထွက်နေတဲ့ ကွန်တီဟာ လာမယ့်ရာသီ စပါးအသင်းမှာ ဆက်ရှိမယ်လို့ ဘီဘီစီက ဖော်ပြထားပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စပါးအသင်းကို အဆင့် ၄ နေရာရပ်တည်စေပြီး လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တာပါ။ဒါပေမယ့် စပါးမှာ ဆက်ရှိဖို့ အီတလီလူမျိုးနည်းပြဟာ မရေမရာဖြစ်နေခဲ့တာဖြစ်ပါတယ်။စပါးအသင်းပိုင်ရှင်တွေက ကွန်တီအတွက် အသုံးစရိတ် ပေါင်သန်း ၁၅၀ ပေးမယ်ဆိုတဲ့ သတင်းကြောင့် စိုးရိမ်မှုအနည်းငယ်လျော့ကျသွားခဲ့တာပါ။ကွန်တီဟာ သောကြာနေ့က ဘောလုံး ဒါရိုက်တာ ပါရာတီချီနဲ့ အီတလီမှာ တွေ့ဆုံခဲ့ပြီး အသင်းမှာဆက်ရှိဖို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ကွန်တီအနေနဲ့ စာချုပ်ကို သက်တမ်းတိုး မတိုးဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ အသက် ၅၂ နှစ်အရွယ်ရှိ ကွန်တီနဲ့ စပါး အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၃ မှာ ကုန်ဆုံးမှာဖြစ်ပြီး နောက်ထပ် တစ်နှစ်ထပ်ထိုးဖို့အတွက် ရွေးချယ်ခွင့်ရှိနေတာဖြစ်ပါတယ်။ကွန်တီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက မှ စပါးအသင်းနည်းပြအဖြစ် ခန့်အပ်ခံရတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ အီတလီနည်းပြဟောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အသင်းမှာ မပျော်ရွှင်ကြောင်း ပြောခဲ့သေးတာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဖေဖော်ဝါရီလ ၂၂ ရက်က ဘန်လေအသင်းကို အရေးနိမ့်ခဲ့တာကြောင့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ခဲ့တာပါ။ဒီလိုတွေဖြစ်ခဲ့တဲ့အတွက် ကွန်တီဟာ အလွန်စိတ်ပျက်ပြီး “ပြဿနာက နည်းပြဆိုရင် ကျနော်သွားဖို့ အဆင်သင့်ပါပဲ” လို့ ပြောခဲ့တာဖြစ်ပါတယ်။ကွန်တီက စပါး အသင်းရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ မှတ်ချက်တွေဟာ ဘာသာပြန် မှားယွင်းခဲ့တာလို့ ပြောထားခဲ့တာပါ။

ဒါပေမယ့် စပါးအသင်းဟာ အာဆင်နယ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ရာသီကို အောင်မြင်စွာ အဆုံးသတ် နိုင်ခဲ့ပြီးနောက် အလွန်ပျော်ရွှင်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ကွန်တီကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတယ်လို့ အသံထွက်ခဲ့ပါသေးတယ်။ကွန်တီဟာ စပါး အသင်းကို ပွဲပေါင်း ၃၆ ပွဲ ကိုင်တွယ် ထားခဲ့ရာ မှာ ၂၁ ပွဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။