၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၃၀

ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား နေမာဟာ စိန့်အန်တီယန် အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် (၈) ပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် နေမာဟာ အခုနှစ်အတွင်းမှာ ပီအက်စ်ဂျီ အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ် မရှိတော့တာပါ။ နေမာဟာ ပီအက်စ်ဂျီ အသင်းက စိန့်အန်တီယန် အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်ရဲ့ ပွဲပြီးဆုံးခါနီးမှာ ဆိုးရွား တဲ့ ဒဏ်ရာအခြေအနေ ရရှိခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ ဒီဒဏ်ရာကြောင့် ကွင်းထဲမှာ အော်ဟစ်ငိုကြွေးနေခဲ့ပြီး ကွင်းပြင်ကို ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ပြင်သစ်သတင်းတွေကတော့ ဘရာဇီးလ် တိုက်စစ်ကစားသမားဟာ လာမယ့်နှစ် ဇန်နဝါရီလထိတောင် အသင်းအတွက် ပါဝင် နိုင်ဖွယ် မရှိဘူးလို့ ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အသင်းကတော့ နေမာဟာ ဘယ်ဘက် ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ပုံ- စိန့်အန်တီယန်အသင်းနဲ့ ယှဉ်ပြိုင်စဉ်မှာ နေမာကိုတွေ့ရ။ (Evening Standard)

အဲ့ဒါကြောင့် ၆ ပတ်ကနေ ၈ ပတ်ကြာအထိ အနားယူရဖွယ်ရှိပြီး ပြန်လည် ကောင်းမွန်လာမှု အခြေအနေကို သတ်မှတ်ဖို့ အတွက် ၇၂ နာရီအတွင်းမှာ အကဲဖြတ်စစ်ဆေးမှု ထပ်မံပြုလုပ်သွားမယ်လို့ ပီအက်စ်ဂျီအသင်းက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာရရှိပြီးနောက် နေမာဟာ သူ့ရဲ့တွစ်တာကနေ “ကံမကောင်းစွာနဲ့ပဲ ဒီလိုဆုတ်ယုတ်မှုတွေဟာ အားကစားသမားဘဝရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အခုခေါင်းကို မော့ထားပြီး ဆက်သွားရပါမယ်။ ပိုကောင်းပြီး သန်သန်မာမာနဲ့ ပြန်လာခဲ့မှာပါ”လို့ ရေးသားခဲ့ပါတယ်။

နေမာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်တွေဖြစ်တဲ့ နိုက်စ်၊ လန်းစ်၊ မိုနာကို၊ လော်ရီးယန့်တို့နဲ့ ပြည်တွင်း ပွဲစဉ်တွေ အပါအဝင် ကလပ်ဘရုဂျ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို လွဲချော် သွားမှာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီ ၉ ရက်မှာ ကစားမယ့် လိုင်ယွန်နဲ့ ပွဲစဉ်က နေမာအတွက် ပါဝင်ကစားနိုင်ဖို့ စောနေသေးပြီး ဘရတ်စ်နဲ့ ကစားမယ့် အိမ်ကွင်းပွဲစဉ်မှာမှ ပီအက်စ်ဂျီအတွက် ပါဝင်ကစားနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံး လောကရဲ့ ပြောင်းရွှေ့ ကြေး အများဆုံး ကစားသမားဖြစ်တဲ့ နေမာဟာ သူ့ရဲ့ကစားပုံတွေကြောင့် မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေ ရရှိပြီး အနားယူ နေရတာလည်း ဖြစ်ပါတယ်။ ဘရာဇီးလ် တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ၁၄ ပွဲ ပါဝင် ကစားထားပြီး ၃ ဂိုးသွင်းယူထားတာ ဖြစ်ပါတယ်။

Source: Goal