၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၇

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဥရောပဇုန် ပလေးအောဖ့် အဆင့်အတွက် မဲခွဲမှုပြုလုပ်ခဲ့ရာ ပေါ်တူဂီနဲ့ အီတလီ အသင်းတို့ဟာ လမ်းကြောင်း တစ်ခုထဲမှာ ရောက်နေတဲ့အတွက် ဒီ ၂ သင်းထဲက ၁ သင်းကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လက်ပြနှုတ်ဆက် ရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

ဥရောပဇုန် ပလေးအောဖ့် အဆင့်အတွက် အသင်း ၁၂ သင်း ကျန်ရှိနေတာဖြစ်ပြီး ၃ သင်းသာ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါ တယ်။ အကြိုဗိုလ်လုပွဲ အဆင့်အတွက် မဲခွဲခဲ့ရာမှာ လမ်းကြောင်း(C)မှာ ပေါ်တူဂီအသင်းက တူရကီအသင်းနဲ့ တွေ့ဆုံနေတာ ဖြစ်ပြီး၊ အီတလီ အသင်းကတော့ မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်(၂)ပွဲက အနိုင်ရတဲ့ အသင်းဟာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာပါ။

လမ်းကြောင်း(A)မှာတော့ စကော့တလန်နဲ့ ယူကရိန်း၊ ဝေးလ်စ်နဲ့ သြစတြီးယားတို့ ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့ (၂)သင်းက ဗိုလ်လုပွဲအဖြစ် ဆက်လက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လမ်းကြောင်း(B)မှာတော့ ရုရှားနဲ့ ပိုလန်၊ ဆွီဒင်နဲ့ ချက်အသင်းတို့ ကစားကြမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမှာပါ။

ပုံ- ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုယှဉ်ပြိုင်မှုများ အခြေပြဇယား။ (MARCA)

အဲ့ဒါကြောင့် အသက် ၃၆ နှစ်အရွယ်ရှိ ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုအတွက်တော့ ကစားသမားဘဝ အနားမယူ ခင် ကမ္ဘာ့ဖလားရယူချင်တဲ့ သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အပြင်းအထန် ကြိုးစားရတော့မှာလည်း ဖြစ်ပါ တယ်။ ယူရို-၂၀၂၀ ချန်ပီယံ အီတလီ အသင်းအနေနဲ့လည်း ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစစ်ပွဲမအောင်မြင် ခဲ့တာကြောင့် ၂ ကြိမ်ဆက် ကမ္ဘာ့ဖလား မယှဉ်ပြိုင်ရမှာကို ရှောင်လွှဲနိုင်ဖို့ အစွမ်းကုန်ကြိုးစားရမှာပါ။

အီတလီအသင်းနည်းပြ မန်ချီနီက “ဒါဟာ ကျနော်တို့ အတွက် အလွန်ခက်ခဲတဲ့ မဲခွဲမှုပါပဲ။ ဘာလို့လဲဆိုရင် မြောက်မက်ဆီဒိုး နီးယား ကလည်း အသင်းကောင်းမို့လိုပါ။ ဒီပွဲကို အနိုင်ရသွားပြီဆိုရင် ပေါ်တူဂီနဲ့ တူရကီတို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် အဝေးကွင်းမှာ သွားကစားရပါမယ်။ ဒါဟာ အလွန်ခက်ခဲပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲစဉ်တွေကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ နဲ့ ၂၅ ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ မတ်လ ၂၈ ရက် နဲ့ ၂၉ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဥရောပဇုန်က အသင်း ၁၀ သင်း ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။ ဒီအသင်းတွေကတော့ ဆားဘီးယား၊ ဆွစ်ဇာလန်၊ စပိန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်၊ ခရိုအေးရှား၊ အင်္ဂလန်နဲ့ ဂျာမနီ အသင်းတို့ ဖြစ်ပါတယ်။ ဘရာဇီးလ်နဲ့ အာဂျင်တီးနား အသင်းတို့ကလည်း အိမ်ရှင် ကာတာအသင်းနဲ့ အတူ ခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ပါတယ်။

Source: Goal