CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ခွင့်ပြုခြင်းမခံခဲ့ရတဲ့ ယာမဲလ်ရဲ့သွင်းဂိုးမှာ VAR အမှားလုပ်ခဲ့ကြောင်း ပြသနိုင်ခဲ့ရင် ရီးရယ်လ်အသင်းနဲ့ပွဲစဉ်ကို ပြန်ကစားသင့်တယ်လို့ ပြောလိုက်ပါတယ်။

လာပေါ်တာက “ဒီပွဲမှာ ပြောစရာတွေ အများကြီးရှိခဲ့ပေမယ့် အားလုံးထဲမှာ အရေးကြီးပြီး ပွဲရဲ့ရလဒ်ကို အပြောင်းအလဲ ပေးနိုင်တဲ့တစ်ခုရှိပါတယ်။ ဒါက ယာမဲလ်ရဲ့ သွင်းဂိုးကို ရည်ညွှန်းပြီး ပြောနေတာပါ။ ဒါကြောင့် ဂိုးအဖြစ် ခွင့်မပြုခဲ့တဲ့ ယာမဲလ်ရဲ့ဂိုးနဲ့ပတ်သက်ပြီး အသံဖိုင်၊ ရုပ်ပုံတွေအားလုံးကို ကျနော်တို့တောင်းဆို ထားပါ တယ်။ ဒါက တရားဝင်သွင်းဂိုး ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ရင် VAR အမှားကြောင့် ဥရောပမှာဖြစ်ခဲ့တဲ့ အခြားပွဲစဉ်တစ်ပွဲလိုပဲ ပွဲကိုပြန်ကစားဖို့ ကျနော်တို့တောင်းဆိုသွားမယ်”လို့ ပြောပါတယ်။

ရီးရယ်လ်အသင်းက ဘာစီလိုနာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်း ကစားသမား ယာမဲလ်ရဲ့ သွင်းဂိုးကို ရီးရယ်လ်အသင်းဂိုးသမား လူနင်က ဂိုးစည်းပေါ်ကနေ ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ 

လာလီဂါပြိုင်ပွဲမှာ ဂိုးလိုင်းနည်းပညာ မရှိတဲ့အတွက် ဂိုးဝင်၊မဝင်ကို ချက်ခြင်းဆုံးဖြတ်လို့ မရတာကြောင့် VAR မော်နီတာကို သွားရောက်ကြည့်ရှုပြီး ဆုံးဖြတ်ခဲ့ရတာပါ။ 

ဘာစီလိုနာဘက်က သွင်းလိုက်တဲ့ဂိုး အငြင်းပွားနေစဉ်

ကွင်းလယ်ဒိုင်လူကြီးက VAR ကို ကြည့်ရှုစစ်ဆေးအပြီးမှာ ဘောလုံးဟာ ဂိုးစည်းမကျော်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ကြောင့် ဘာစီလိုနာအသင်းဟာ ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကတော့ သေချာပေါက် သူတို့သွင်းဂိုး ရရှိသင့်တယ်လို့ ယူဆခဲ့ပြီး နည်းပြ ဇာဗီနဲ့ ဂိုးသမား တာစတီဂျန်တို့က လာလီဂါပြိုင်ပွဲမှာ ဂိုးလိုင်းနည်းပညာမရှိတာက ရှက်ဖို့ကောင်းတယ်လို့ ပွဲအပြီးမှာ ဝေဖန်ခဲ့ တာပါ။ 

အခုဆိုရင် ဘာစီလိုနာအသင်း အကြီးအကဲ လာပေါ်တာကပါ ဒီအဖြစ်အပျက်မှာ VAR ဘက်က အမှားလုပ်ခဲ့ ကြောင်း တွေ့ခဲ့ရင် ဒီပွဲကို ပြန်ကစားဖို့အထိပါ ပြောလာခဲ့တာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဒီရှုံးပွဲကြောင့် စပိန်လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၁၁ မှတ်အထိ ကွာဟသွားခဲ့တာပါ။

အဲဒါကြောင့် ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါ အမှတ်ပေးဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပြီး ဘာစီလိုနာအသင်း ကတော့ ဆုဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရဖို့ ရှိနေတာဖြစ်ပါတယ်။ 

Source: ESPN