CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၂

ဂီတာဖေးအသင်းတိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လာလီဂါ ပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းကို ထပ်မံခံခဲ့ရပြီး ဆိုစီဒက် အသင်း ပရိသတ်တွေက သူ့ကို မုဒိမ်းကောင်လို့ တံဆိပ်ကပ်ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကနေ အငှားနဲ လာရောက်ကစားနေတဲ့ ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဒီလိုပြောဆိုမှုတွေကို အကြိမ်ကြိမ် ခံနေရတာဖြစ်ပြီး ဆိုစီဒက်နဲ့ ဂီတာဖေးအသင်းတို့ ၁ ဂိုးစီ သရေကျတဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ အော်ဟစ်မှုတွေကို ခံခဲ့ရတာပါ။ 

ဒီပွဲမှာ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်း သွင်းယူခဲ့တဲ့ဂိုးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

ဂီတာဖေးအသင်းနည်းပြ ဘော်ဒါလက်စ်ကတော့ ဂရင်းဝုဒ်အပေါ် ပြုမူပုံတွေဟာ လက်ခံနိုင်စရာ မရှိတဲ့အတွက် အရေးယူမှုပြုလုပ်ဖို့ ပြောခဲ့ပါတယ်။

ဂရင်းဝုဒ်ကို တွေ့ရစဉ်

ဘော်ဒါလက်စ်က “ကျနော့်မှာ ပြောစရာစကားတွေ အများကြီးမရှိပါဘူး။ ဒါက လက်ခံနိုင်စရာ မရှိသလို ကျနော်တို့ ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ ဒါကို အရေးယူမှု ပြုလုပ်ရမှာပါ။ ဆီ‌ဗီလာနဲ့ ပွဲကဖြစ်ခဲ့တဲ့အတိုင်းပါပဲ”လို့ ပြောခဲ့တာပါ။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှု အပါအဝင် စွဲချက်တွေအားလုံးကနေ လွတ်မြောက်ပြီးနောက် ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်အသင်းကနေ ဂီတာဖေးအသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ဂီတာဖေးအသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားထားပြီး ၈ ဂိုးသွင်းယူကာ ၅ ဂိုး ဖန်တီးထားတာပါ။

ဂီတာဖေးအသင်းဟာ အငှားစာချုပ် ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ဂရင်းဝုဒ်ကို အပြီးသတ်ခေါ်ဖို့ စိတ်ဝင် စားနေတာ ဖြစ်ပါတယ်။ 

Source: Dailymail