CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၁

မန်စီးတီးအသင်းဟာ ဆုဖလား ၃ လုံးကို ၂ နှစ်ဆက်တိုက်ရယူဖို့ ပြင်ဆင်နေပေမယ့် ကွင်းလယ်လူ ရိုဒရီကတော့ သူဟာ အနားယူဖို့ လိုအပ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ရိုဒရီက “ကျနော်ကိုယ်တိုင် အပါအဝင် လူတိုင်းဟာ ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်ချင်ကြပါတယ်။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် ကျနော်တို့ အနားယူဖို့ လိုအပ်ပါတယ်။ ကျနော်လည်း အနားယူဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဟာ ဘယ်လိုအခြေအနေမျိုးမှာ ရှင်သန်နေထိုင်လဲဆိုတာ ကြည့်ရမှာပါ။ ကျနော်တို့ စီစဉ်ထားသလို အနားယူဖို့လိုအပ်ပါတယ်”လို့ ပြောပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ ရိုဒရီဟာ ရီးရယ်လ်အသင်းနဲ ၃ ဂိုးစီ သရေကျတဲ့ပွဲမှာ မန်စီးတီးအသင်းအတွက် ပါဝင် ကစားပေးပြီးနောက် ဒီရာသီမှာ မန်ချက်စတာကလပ်အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲအထိပါဝင် ကစားထားတာ ဖြစ်ပါတယ်။

ရိုဒရီဟာ လက်ရှိအချိန်မှာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံး ပါဝင်ကစားထားတဲ့ ပြိုင်ပွဲစုံ ၆၆ ပွဲ ဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ စံချိန်ကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတာပါ။

ရိုဒရီကို တွေ့ရစဉ်

ဒါပေမယ့် မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရိုဒရီမပါဝင်တဲ့ လိဂ်ပွဲစဉ် ၃ ပွဲစလုံး အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

ဒါအပြင် နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာလည်း ရိုဒရီဟာ ပွဲပယ်ကြောင့် မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင် ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လူတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် မန်စီးတီးအသင်းဟာ လူတန်အသင်းနဲ့ ပွဲစဉ်မှာ ရိုဒရီကို အနားပေးဖွယ်ရှိနေတာပါ။

ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၃,၄၉၇ မိနစ် ပါဝင်ကစားထားပြီး ဥရောပထိပ်တန်း ၅ လိဂ်ထဲမှာ ပွဲအများဆုံး ကစားထားတဲ့ ၂၃ ဦးမြောက် ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Source: BBC