CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ဝုလ်ဗ်စ်အသင်း ခေါင်းဆောင်ဟောင်း ရူဘင်နာဗက်စ်က ပြီးခဲ့တဲ့နွေရာသီက ဆော်ဒီကလပ် အယ်လ်ဟီလယ် အသင်းထံ မပြောင်းရွှေ့ခင် အာဆင်နယ်အသင်းထံပြောင်းဖို့ နီးစပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရူဘင်နာဗက်စ်က “ကျနော်ကလပ် ၃ သင်းနဲ့ အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ ဒါက ကျနော့်ကို စိတ်မကောင်း ဖြစ်စေခဲ့ပေမယ့် အယ်လ်ဟီလယ်အသင်းထံ သွားနိုင်အောင် ဆုံးဖြတ်ချက်ချဖို့ အကူအညီ ဖြစ်ခဲ့ပါတယ်။ ကျနော်အသင်း နာမည်တွေ မပြောချင်ပေမယ့် ဘာစီလိုနာက ဒီထဲက ၁ သင်းဖြစ်ပြီး ဒါဟာလိမ်ညာတာ မဟုတ်ပါဘူး။ အာဆင်နယ်နဲ့လည်း အပြောင်းအရွှေ့ဖြစ်ဖို့ နီးစပ်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလန် ပြင်ပက အသင်းနဲ့ပါ။ အဲဒါကြောင့် အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခွင့်ရတဲ့ အခွင့်အရေးကို လက်ခံဖို့ မတုံ့ ဆိုင်းခဲ့ဘူး”လို့ ပြောခဲ့တာပါ။

ပေါ်တူဂီကွင်းလယ်လူဟာ ၆ နှစ်ကြာ ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းကနေ ပေါင် ၄၇ သန်းနဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှာ အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ရူဘင်နာဗတ်စ်ဟာ အင်္ဂလန်မှာ ကစားတဲ့ အချိန်အတွင်း ချယ်လ်ဆီးနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားခြင်း ကိုလည်း ခံခဲ့ရတာပါ။ 

ရူဘင်နာဗတ်စ်ကို တွေ့ရစဉ်

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဒီကလန်ရိုက်စ်ကို ဝက်စ်ဟမ်းအသင်းကနေ ပေါင် ၁၀၅ သန်းနဲ့ မခေါ်ယူနိုင်ခင် ရူဘင်နာဗတ်စ်ကို ခေါ်ယူဖို့ အလွန်စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း အပြောင်းအရွှေ့ မဖြစ်ခဲ့တာကြောင့် ပေါ်တူဂီကွင်းလယ်လူဟာ ဆော်ဒီကလပ်ထံ ပြောင်းရွှေ့သွားခဲ့ တာပါ။

ရူဘင်နာဗတ်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့တုန်းက နယူးကာဆယ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အယ်လ်ဟီလယ်အသင်းမှာ ဆက်ရှိပြီး အသင်းရဲ့ ပွဲထွက်ခွင့် နေရာကို ရယူထားတာ ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ်အရွယ်ရှိ ရူဘင်နာဗတ်စ်ဟာ ဒီရာသီမှာ အယ်လ်ဟီလယ်အသင်းအတွက် ၃၃ ပွဲ ပါဝင်ကစားထား ပြီး ၅ ဂိုး သွင်းယူထားတာပါ။

အယ်လ်ဟီလယ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဒုတိယနေရာက အယ်လ်နာဆာအသင်းကို ရမှတ် ၇ မှတ် အသာရပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားသလို အာရှချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်နဲ့ ဆော်ဒီ ဘုရင့်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source: Metro