CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ဖိလစ်ပိုင်နာမည်ကြီး လက်ဝှေ့သမား ပတ်ကွီအိုဟာ အခုနှစ်ထဲကျင်းပမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရဖို့ ငြင်းပယ်ခံခဲ့ရပြီးနောက် သူ့ရဲ့အိုလံပစ်အိပ်မက် ပြီးဆုံးသွားပြီလို့ ဝန်ခံခဲ့ပါတယ်။

ပတ်ကွီအိုက “ကျနော် အလွန်ဝမ်းနည်းပြီး စိတ်ပျက်မိပေမယ့် အိုလံပစ်ပြိုင်ပွဲရဲ့ အသက် ကန့်သတ်ချက်တွေကို ကျနော်နားလည်ပြီး လက်ခံပါတယ်”လို့ သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ဖိလစ်ပိုင်အိုလံပစ်ကော်မတီဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပတ်ကွီအိုကို ပါဝင်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)က ပယ်ချခဲ့တာဖြစ်ပါတယ်။

IOC ဟာ အိုလံပစ် လက်ဝှေ့ပြိုင်ပွဲဝင်မယ့် လက်ဝှေ့သမားတွေအတွက် အသက် ၄၀ နှစ်အရွယ်အထိသာ ယှဉ်ပြိုင် ခွင့်ပေးဖို့ ကန့်သတ်ထားတာပါ။

အဲဒါကြောင့် အသက် ၄၅ နှစ်အရွယ်ရှိ ပတ်ကွီအိုကို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုဖို့အတွက် IOC ဟာ သူတို့ရဲ့ ဝင်ခွင့်စည်းမျဉ်းတွေကို မပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

ပတ်ကွီအိုကို တွေ့ရစဉ်

IOC ဟာ အိုလံပစ်ပြိုင်ပွဲရဲ့ လက်ဝှေ့ပွဲအတွက် အသက်ကန့်သတ်ချက်ကို ၂၀၁၃ ခုနှစ်မှာ အသက် ၃၄ နှစ်ကနေ အသက် ၄၀ နှစ်အထိ ပြောင်းလဲခဲ့တာပါ။

ဒီလိုပြောင်းလဲမှုကြောင့် ပတ်ကွီအိုဟာ ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ရှိခဲ့ပေမယ့် ဒီအချိန် တုန်းက ပတ်ကွီအိုဟာ ဖိလစ်ပိုင်နိုင်ငံမှာ အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရလို့ မပါဝင်နိုင်ခဲ့ပါဘူး။ 

အဲဒါကြောင့် ဖိလစ်ပိုင်အိုလံပစ်ကော်မတီက အိုလံပစ်ပြိုင်ပွဲမှာ ပါဝင် မယှဉ်ပြိုင်ဖူးတဲ့ ပတ်ကွီအိုကို ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ပတ်ကွီအိုကတော့ သူပါဝင်လို့ မရပေမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဖိလစ်ပိုင် အားကစား သမားတွေကို အားပေးသွားမယ်လို့ ပြောခဲ့တာပါ။ 

ပတ်ကွီအိုဟာ ထိုင်းကစ်ဘောက်ဆာ တစ်ဦးနဲ့ ဧပြီ ၂၀ ရက် ဘန်ကောက်မှာ သရုပ်ပြပွဲ ထိုးသတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

Source: CNA