CNI Sport News

 ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

ယူနိုက်တက်နည်းပြရာထူးဟာ မဖြစ်နိုင်တဲ့အလုပ်လို့ ထင်တဲ့အတွက် သူငယ်ချင်းတွေက သူ့ကို ဒီရာထူးမရယူဖို့ ကြိုးစားခဲ့ကြတယ်လို့ အဲရစ်တန်ဟတ်က ဖွင့်ဟခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “လူတိုင်းက ခင်ဗျားဒီအလုပ်မှာ မအောင်မြင်နိုင်သလို မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ ကျနော်ကတော့ စိန်ခေါ်မှုတွေကို ရယူချင်တယ်ဆိုပြီး ပြန်ပြောခဲ့ကြောင်း”United We Stand က ဖော်ပြခဲ့တာပါ။

ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့အတွက် ၂၀၂၂ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ထွက်ခွာခဲ့တဲ့ အဲရစ်တန်ဟတ် ဟာ ဒုတိယရာသီမှာ ဖိအားဒဏ်တွေကို ခံစားနေရတာဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ ယူနိုက်တက် အသင်း နည်းပြဘ၀ ပထမဆုံးရာသီမှာ ကာရာဘောင်းဖလား ရယူပေးနိုင်ခဲ့ပြီး ၆ နှစ်ကြာဆုဖလားနဲ့ ဝေးကွာနေတာကို အဆုံးသတ်ပေးခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်းတွေမတည်မငြိမ်ဖြစ်နေပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုက ထွက်ခွာရဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်အနားယူခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေတာပါ။ အဲရစ်တန်ဟတ်ဟာ ဒေးဗစ်မိုယက်စ်၊ ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှားနဲ့ ရက်ဂ်နစ်တို့ မရယူပေးနိုင်ခဲ့တဲ့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားကို ယူနိုက်တက်အသင်းအတွက် ရယူပေးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်အသင်းဟာ ဒီဆုဖလားတွေကို ပြန်ရယူနိုင်ဖို့ ဝေးကွာနေသေးတာပါ။

အဲရစ်တန်ဟတ်က “ဒါက မလွယ်ကူဘူးဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ပရိသတ် အခိုင်အမာရှိတဲ့ အသင်းကြီးပါ။ လူတွေက ယူနိုက်တက်ကို ချစ်ကြသလို၊ မချစ်ကြတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်ကတော့ ဒီလိုကလပ်မျိုးတွေကို နှစ်သက်ပါတယ်။ အေဂျက်ဇ်ကလည်း ဒီလိုအသင်းပါပဲ” လို့ ပြောခဲ့ပါ တယ်။

ယူနိုက်တက်အသင်းဟာ ချယ်လ်ဆီးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်အတွက် ဖိအားအနည်းငယ်လျော့သွားခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အဆင့် ၆ နေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာပါ။ ယူနိုက်တက်အသင်းဟာ ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC