CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၉

ယူနိုက်တက်အသင်းတောင်ပံကစားသမား အန်တိုနီဟာ ဘရာဇီးလ် TV ကနေ သူ့အပေါ်စွပ်စွဲထားတာတွေကို ငြင်းဆန်လိုက်ပြီး ဘယ်အမျိုးသမီးကိုမှ တိုက်ခိုက်ခဲ့ခြင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။

အန်တိုနီက “ဒါက လုံးဝအမှားတွေပါ၊ ၁၀၀ ရာခိုင်နှုန်းအမှားတွေပါ။ ကျနော့်မှာ အမေနဲ့ ညီအစ်မတွေလည်း ရှိပါတယ်။ ကျနော်သူတို့ကို ဒီလိုမဖြစ်စေချင်ပါဘူး။ လက်ရွေးစင်အသင်းကနေ ချန်လှပ်ခံရတာကတော့ တကယ် ကိုခက်ခဲပါတယ်။ ဒါဟာ ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူးဆိုတာ သေချာနေတဲ့အတွက် ကျနော့်ကို အလွန် ဝမ်းနည်း စေခဲ့ပါတယ်။ လူတွေအနေနဲ့ အမှန်တရားကို မြင်တွေ့ရမှာပါ”လို့ ပြောခဲ့တာပါ။

အန်တိုနီဟာ အိမ်တွင်းအကြမ်းဖက်မှုပြုလုပ်ခဲ့တယ်ဆိုပြီး ရည်စားဟောင်းဖြစ်သူရဲ့ စွပ်စွဲချက်ကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ခြင်းကို ခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်ကစားသမားဟာ နောက်ထပ် အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရတာပါ။ ဂရိတ်မန်ချက်စတာရဲတပ်ဖွဲ့နဲ့ ဆော်ပေါ်လိုရဲတပ်ဖွဲ့က ဒီ အဖြစ်အပျက်ကို စုံစမ်းနေကြပေမယ့် အန်တိုနီကတော့ ငြင်းဆန်ထားတာဖြစ်ပါတယ်။

အန်တိုနီရဲ့ ရည်းစားဟောင်း ကာဗယ်လင်က ယူနိုက်တက်ကစားသမားဟာ မန်ချက်စတာရှိ ဟိုတယ်ခန်းတစ်ခုမှာ ဆရာဝန်ကုသဖို့ လိုအပ်တဲ့အထိ သူမရဲ့ ခေါင်းကိုပြတ်ရှအောင်လုပ်ခဲ့သလို လက်ချောင်းတွေကို ချိုးပစ်ခဲ့တယ်လို့ ပြောထားခဲ့တာပါ။ ဒါ့အပြင် အသက် ၃၃ နှစ်အရွယ်ရှိ အင်ဂရစ်လာနာဆိုသူ အမျိုးသမီးကလည်း အန်တိုနီဟာ သူမကို လိင်မှုကိစ္စပြုလုပ်ဖို့အတွက် ခေါင်းကို နံရံနဲ့ ဆောင့်တွန်းခဲ့တယ်လို့ ဘရာဇီးလ် TV ကို ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကတော့ အန်တိုနီကို စွပ်စွဲထားတာတွေနဲ့ ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားတာပါ။ မန်ချက်စတာကလပ်ဟာ အန်တိုနီကို လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသုံးပြုဖွယ်ရှိ၊မရှိကိုတော့ မှတ်ချက်ပေးထားခြင်း မရှိပါဘူး။ 

အန်တိုနီဟာ သူ့ကို ယူနိုက်တက်အသင်းဘက်က စာချုပ်ဖျက်သိမ်းမှာကို စိုးရိမ်စရာမရှိဘဲ ဒါမျိုးက ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ဘရာဇီးလ် TV နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ ၂၀၂၂ ခုနှစ်ကမှ အေဂျတ်စ် အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်းအတွက် ၄၈ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုးသွင်း ယူထားပါတယ်။

Source:BBC