CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁

ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်အီးတီဟတ်အသင်းဟာ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ကန်တီကို ခေါ်ယူနိုင်ခဲ့ပြီ လို့ အတည်ပြုလိုက်ပါတယ်။

အယ်လ်အီးတီဟတ်အသင်းက “သတင်းအတုအယောင်တွေကို နားမထောင်ကြပါနဲ့။ အခုအချိန်မှာ ကန်တီက အသင်းရဲ့ ကစားသမားဖြစ်လာပြီ” လို့ ဗွီဒီယိုနဲ့အတူ အပြောင်းအရွှေ့ကို ကြေညာခဲ့တာဖြစ်ပါတယ်။ ကန်တီဟာ အယ်လ်အီးတီဟတ်အသင်းမှာ ကျောနံပတ် ၇ ဂျာစီကို ဝတ်ဆင်သွားမှာပါ။

ဆော်ဒီကလပ်နဲ့ ကန်တီတို့ဟာ ချိတ်ဆက်မှုတွေ ပြုလုပ်တာကြာပြီဖြစ်ပေမယ့် အပြောင်းအရွှေ့ကို အခုမှ အတည်ပြုနိုင်ခဲ့တာပါ။ ကန်တီနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုလအကုန်မှာ ကုန်ဆုံးမှာဖြစ်လို့ ကစားသမားဟာ ဇူလိုင်လမှာ ဆော်ဒီကလပ်အသင်းထံ တရားဝင်ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ကန်တီဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာတွေကြောင့် ချယ်လ်ဆီးအသင်းအတွက် ၉ ပွဲသာ ပါဝင်ကစားနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းကို ၂၀၁၆ က လက်စတာကနေ ရောက်ရှိလာခဲ့တဲ့ ကန်တီဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့ပြီး ၇ နှစ်အကြာမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


အသက် ၃၂ နှစ်အရွယ်ရှိ ကန်တီဟာ ၂၀၁၆-၁၇ ရာသီတုန်းက ဘောလုံးအားကစား ကလောင်ရှင်များ အစည်းအရုံးနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများ အစည်းအရုံးကပေးတဲ့ တစ်နှစ်တာအကောင်းဆုံး ကစား သမားဆုတို့ကို ရယူနိုင်ခဲ့တာပါ။

ကန်တီဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင်လည်း စွမ်းဆောင်ပေးနိုင် ခဲ့တာဖြစ်ပါတယ်။ ကန်တီဟာ အယ်လ်အီးတီဟတ်အသင်းနဲ့ ပေါင် ၈၆ သန်းတန်ကြေးရှိ ၃ နှစ်စာချုပ် ချုပ်ဆို ခဲ့တယ်လို့ သိရပါတယ်။ ချယ်လ်ဆီးကစားသမားဟောင်းဟာ ဆော်ဒီပရိုလိဂ်ချန်ပီယံအသင်းမှာ ပြင်သစ် လက်ရွေးစင်အသင်းဖော်ဟောင်း ဘန်ဇီမာနဲ့အတူတွဲပြီး ကစားရတော့မှာပါ။

အယ်လ်အီးတီဟတ်အသင်းဟာ လာမယ့်ရာသီ အာရှချန်ပီယံလိဂ်နဲ့ ၂၀၂၃ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်လို့ ဥရောပရှိနာမည်ကျော် ကစားသမားတွေကို အားဖြည့်ဖို့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Source:DailyMail