CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၅

ယူနိုက်တက်အသင်းရဲ့ အဓိကတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် အသင်းရဲ့လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်း တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ စနေနေ့က ကစားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်မှာ တော့ ဖျားနာနေတာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ရက်ရှ်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် ဝုလ်ဗ်စ်အသင်းနဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် ဒဏ်ရာကနေ ပြန်သက်သာလာ ပြီးချိန်မှာ ဘုန်းမောက်နဲ့ ပွဲကို ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် လွဲချော်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ကစားဖို့ ၂ ပွဲ ကျန်ရှိနေပြီး ရမှတ် ၁ မှတ်ရတာနဲ့ လာမယ့်နှစ်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

နည်းပြ အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ ပထမဆုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အမြန်ဆုံး ရယူနိုင်ဖို့အတွက် ချယ်လ်ဆီး အသင်းနဲ့ အိမ်ကွင်းမှာ ကစားမယ့်ပွဲမှာ အနိုင်ရလဒ် ရယူဖို့ မျှော်လင့်နေတာပါ။

တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အသင်းဖော်တွေနဲ့အတူ ကာရင်တန်မှာ လေ့ကျင့်မှု ပြန်လည် ပြုလုပ်ခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်အတွက် အားတက်စရာ ဖြစ်ခဲ့ရပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂ ပွဲမှာ ဆန်ချို၊ မာရှယ်နဲ့ အန်တိုနီတို့ကို တိုက်စစ်ပိုင်းမှာ အဓိက အသုံးပြု ခဲ့ရပါ တယ်။

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အသင်းအတွက် ခြေစွမ်းပြသနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၅၃ ပွဲ ပါဝင်ကစားထားတာမှာ ၂၉ ဂိုး သွင်းယူကာ သူ့ရဲ့ အကောင်းဆုံး ရာသီကို ပိုင်ဆိုင်ထားပါတယ်။

ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းနဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲလည်း ယှဉ်ပြိုင်ကစားဖို့ ရှိနေသေးတာ ကြောင့် ရက်ရှ်ဖို့ဒ်အချိန်မှီ ပြန်လာနိုင်တာက အသင်းအတွက် သတင်းကောင်းလည်း ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ချယ်လ်ဆီး အသင်းနဲ့ ပွဲကျန်ကစားပြီးရင် အခုနှစ်ရာသီ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Metro