CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၈

အေစီမီလန်အသင်းဟာ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို စာချုပ်သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အေစီမီလန်အသင်းနဲ့ အီဘရာဟီမိုဗစ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် စီးရီးအေ လက်ရှိ ချန်ပီယံအသင်းဟာ ဆွီဒင် လက်ရွေးစင် ကစားသမားကို သက်တမ်း မတိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ Footbercato က ဖော်ပြခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ၂၀၂၂ ခုနှစ်၊ မေလက ဘယ်ဘက်ဒူး ခွဲစိတ် ကုသမှု ခံယူခဲ့တာကြောင့် အခုနှစ်ရာသီ ပွဲအများ အပြားကို ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

ဒီနောက်မှာတော့ အီဘရာဟီမိုဗစ်ဟာ ဖေဖော်ဝါရီလ ၂၆ ရက်က အေစီမီလန်အသင်းအတွက် ပြန်လည် ကစား ပေးနိုင်ခဲ့ပြီး အူဒီးနီးစ်နဲ့ပွဲမှာ ဂိုးသွင်း ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အသက် ၄၁ နှစ်အရွယ်ရှိ ဝါရင့်တိုက်စစ်မှူးဟာ ဆွီဒင်လက်ရွေးစင် အသင်းနဲ့ နိုင်ငံတကာပွဲ ပါဝင် ကစားပေးပြီးနောက် ပေါင်ဒဏ်ရာ ရခဲ့တဲ့အတွက် လာမယ့် ပွဲတွေကိုလည်း ထပ်ပြီး ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရတာပါ။

အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ရာသီက အေစီမီလန်အသင်းကို စီးရီးအေဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့လို့ အသင်းက သူ့ကို ၁ နှစ် သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

ဆုဖလားနဲ့အတူ အီဘရာဟီမိုဗစ်ကိုတွေ့ရစဉ်

အီဘရာဟီမိုဗစ် ကတော့ သူဟာ လာမယ့်နှစ် ရာသီမှာ ပုံစံကောင်းရှိနေရင် အေစီမီလန်အသင်းမှာ ဆက်ပြီး ကစားချင်တယ်လို့ ပြီးခဲ့တဲ့လက ပြောထားတာပါ။

အီဘရာဟီမိုဗစ်ဟာ အေစီမီလန်အသင်းမှာ ဒုတိယအကြိမ် ကစားဖို့အတွက် ၂၀၁၉-၂၀ ရာသီက ပြန်လည် ရောက်ရှိ လာခဲ့တာဖြစ်ပြီး အခုအချိန်ထိ ပွဲပေါင်း ၇၈ ပွဲ ပါဝင်ကစားကာ ၃၇ ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။

စီးရီးအေကလပ် မွန်ဇာအသင်းကတော့ အီဘရာဟီမိုဗစ် အနေနဲ့ အနားယူဖို့ မဆုံးဖြတ်ခဲ့ဘူး ဆိုရင်တော့ ခေါ်ယူ ချင်နေတယ်လို့လည်း သတင်းတွေ ထွက်နေတာပါ။

နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ အမ်ပိုလီအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ အေစီမီလန်အသင်းဟာ လာမယ့် ကြားရက်မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် နာပိုလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal