CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

လီမာဆန်ဟာ VAR အမှားအယွင်းကြောင့် နှစ်ဖက်သဘောတူညီမှုနဲ့ ဒိုင်လူကြီးများ အဖွဲ့ချုပ်ကနေ ထွက်ခွာခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ တာဝန်ထမ်းဆောင်တော့မှာ မဟုတ်ပါဘူး။

အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်တဲ့ လီမာဆန်ဟာ အာဆင်နယ်အသင်းနဲ့ ဘရန်ဖို့ဒ်အသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ အမှားအယွင်းတွေကြောင့် ရက်ပိုင်းအတွင်းမှာပဲ ထွက်ခွာခဲ့တာပါ။

ဒီပွဲမှာ VAR ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့တဲ့ လီမာဆန်ဟာ ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူး အိုင်ဗန်တိုနေး သွင်းယူခဲ့တဲ့ ဂိုးမှာ လူကျွံဘော ဖြစ်၊မဖြစ် စစ်ဆေးတဲ့ မျဉ်းကြောင်းကို ရေးဆွဲခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

အဲဒီ အမှားကြောင့် လီမာဆန်ဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ဘရန်ဖို့ဒ် ပွဲစဉ်မှာ တွေ့ရတဲ့ လီမာဆန်ကိုတွေ့ရစဉ်

အာဆင်နယ်အသင်းကတော့ ဘရန်ဖို့ဒ်အသင်းနဲ့ သရေကျခဲ့ပြီး မန်စီးတီးအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့် ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို မန်စီးတီးအသင်းထံ လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒိုင်လူကြီးများ အဖွဲ့ချုပ် အကြီးအကဲ ဟောင်းဝါ့တ်ဝက်ဘ်က အာဆင်နယ်အသင်းထံ ဆက်သွယ်ပြီး ဒီအမှား အယွင်း ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ အာဆင်နယ်အသင်း နည်းပြ အာတီတာကတော့ တောင်းပန်မှု ကို ရခဲ့ပေမယ့် ဒါကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
အာတီတာက “ဒါက လူ အမှားမဟုတ်ပါဘူး။ ခင်ဗျားရဲ့အလုပ်ကို နားမလည်တာပါ။ အာဆင်နယ်ဟာ အခုဆိုရင် ဒီရမှတ် ၂ မှတ်ကို ပြန်မရနိုင်တော့ပါဘူး။ ဒီ ၂ မှတ် ပြန်ပေးရင်တော့ ကျေနပ်မှာ ဖြစ်ပေမယ့် ဒါကဖြစ်လာမှာ မဟုတ်ပါဘူး။ အခုတော့ လိဂ်ရဲ့ အခြားတစ်နေရာကနေ ဒီရမှတ်ကို ပြန်ပြီးရှာဖွေရတော့မယ်”လို့ ပြောခဲ့တာပါ။

ဘောလ်တန်ဖွား လီမာဆန်ဟာ ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးအဖြစ် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ထိပ်တန်းပွဲစဉ်ပေါင်း ၂၈၇ ပွဲကို တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

Source: BBC