Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်ဖာတက်ချ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီး ဆော်ဒီလိဂ်မှာ ပထမဆုံးဂိုးရခဲ့လို့ ပျော်ရွှင်ကြောင်းပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဆော်ဒီလိဂ်မှာ ကျနော့်ရဲ့ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ပါတယ်။အလွန်ခက်ခဲတဲ့ပွဲမှာ အရေးပါတဲ့ သရေတစ်မှတ်ရဖို့အတွက် တစ်သင်းလုံး ကြိုးစားပြီး အားထုတ်ခဲ့ကြပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားထားခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ကစားခဲ့တဲ့ ပွဲဦးထွက် ၂ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့လို့ ဝေဖန်မှုတွေ ခံနေရတာကို ဒီပွဲမှာ ဂိုးသွင်းပြီးအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဂိုး သွင်းယူ နိုင်ခဲ့ပေမယ့် လူကျွံနေတယ်ဆိုပြီး ခွင့်ပြုခြင်းမခံရလို့ စောစီးစွာ ဂိုးမရခဲ့ပါဘူး။ဒါပေမယ့် အယ်လ်နာဆာအသင်း အတွက် အဖိုးတန်ချေပဂိုးဖြစ်စေနိုင်မယ့် ပွဲချိန် ၉၃ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကို ရော်နယ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပါဝင်ကစားခဲ့တဲ့ ၃ ပွဲစလုံး ပွဲချိန်ပြည့်ကစားခဲ့ပြီး အသင်းဟာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့တာပါ။အယ်လ်နာဆာအသင်းဟာ ဒီပွဲမှာ သရေကျခဲ့ပေမယ့် ဒုတိယနေရာက အယ်လ်ရှာဘတ်အသင်းထက် ၁ ပွဲလျော့ ကစားထားပြီး ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းနည်းပြ ရူဒီဂါစီယာက ရော်နယ်ဒိုဟာ ကစားသမားဘဝမကုန်ဆုံးခင် ဥရောပကို ပြန်သွား လိမ့်မယ်လို့ မကြာသေးခင်က ပြောထားတာပါ။

ရူဒီဂါစီယာက “ရော်နယ်ဒိုဟာ နောက်ခံလူတွေကို လူစုခွဲသွားအောင်လုပ်ပြီး အသင်းကို ကူညီပေးတဲ့သူပါ။သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။သူဟာ အယ်လ်နာဆာမှာ ကစားသမားဘဝကို အဆုံးသတ် မှာမဟုတ်ဘဲ ဥရောပကို ပြန်ပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ ဆော်ဒီလိဂ်ပွဲစဉ်အဖြစ် အယ်လ်ဝါဒါအသင်းနဲ့ အဝေးကွင်း ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:DailyMail