CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁

ဒန်နီအဲလ်ဗတ်စ်ဟာ နိုက်ကလပ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံရပြီးနောက် ဇနီးဖြစ်သူက ကွာရှင်းဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိ ဂျိုအာနာဆန့်ဇ်ဟာ ဒန်နီအဲလ်ဗတ်စ်နဲ့အတူ ရိုက်ကူးထားတဲ့ ဓါတ်ပုံအများစုကို သူမရဲ့ အင်စတာဂရမ်ကနေ ဖယ်ရှားခဲ့ပါတယ်။

စပိန်မော်ဒယ်လ်ဖြစ်သူ ဂျိုအာနာဆန့်ဇ်ဟာ မိခင်ဖြစ်သူ သေဆုံးပြီး ရက်ပိုင်းအကြာမှာ ဘာစီလိုနာ ကစားသမား ဟောင်း ဖမ်းဆီးခံခဲ့ရတဲ့အတွက် နာကျင်မှုတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒန်နီအဲလ်ဗတ်စ်ဟာ ချုပ်နှောင်ခံထားရတဲ့ ထောင်ထဲမှာ သူမကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ပြီးနောက် ဂျိုအာနာဆန့်ဇ် က ကွာရှင်းလိုကြောင်း ရှေ့နေတွေကို ပြောခဲ့တယ်လို့ စပိန်ရုပ်သံ အစီအစဉ်တစ်ခုမှာ ဖော်ပြခဲ့တာပါ။

ဒန်နီအဲလ်ဗတ်စ်နဲ့ ၂၀၁၇ က လက်ထပ်ခဲ့တဲ့ စပိန်မော်ဒယ်လ်ဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တရားဝင် မှတ်ချက်ပေးခြင်းတော့ မရှိသေးပါဘူး။

ဒန်နီအဲလ်ဗတ်စ်ကိုတွေ့ရစဉ်

ဒါပေမယ့် ဂျိုအာနာဆန့်ဇ်က ကြော်ငြာတွေနဲ့ ချိတ်ဆက်ထားတဲ့ စုံတွဲပုံတွေကလွဲပြီး ဒန်နီအဲလ်ဗတ်စ်နဲ့ သူမရဲ့ ပုံ အများစုကို ဖျက်ပစ်ခဲ့ပါတယ်။

အဲလ်ဗတ်စ်ဟာ ဖမ်းဆီးခံခဲ့ရပြီးနောက် မက္ကဆီကိုကလပ် ပူးမတ်စ်အသင်းကလည်း သူနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ဒန်နီအဲလ်ဗတ်စ်ဟာ ဖမ်းဆီးမခံရခင်က သူ့ကို စွပ်စွဲထားတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံမှုမရှိခဲ့ကြောင်း ပြောခဲ့ပေမယ့် တရားရုံးကြားနာမှုမှာတော့ ကစားသမားဟာ အမျိုးသမီးနဲ့ နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့တယ်လို့ တရားသူကြီး ကို ပြောခဲ့ပါတယ်။

အဲလ်ဗတ်စ်ဟာ မကြာသေးခင်က ထောင်ထဲမှာ ဘောလုံးပွဲ ကစားခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲလ်ဗတ်စ် ဟာ ပထမဆုံးအကြိမ် ထောင်ထဲမှာ ဘောလုံးကစားခဲ့ရတာဖြစ်ပြီး အကျဉ်းသားတွေနဲ့ ကစားခဲ့တာပါ။

အသက် ၃၉ နှစ်အရွယ်ရှိ ဒန်နီအဲလ်ဗတ်စ်ဟာ ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှု အများအပြား ရယူနိုင် ခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားသွားခဲ့တာ ဖြစ်ပါတယ်။

Source: The Sun