CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀

ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းကနေရမယ့် ယူရိုသန်း ၂၀၀ အပြင် ဆော်ဒီနိုင်ငံရဲ့ ကမ္ဘာ့ဖလား ပူးတွဲ အိမ်ရှင်အဖြစ် ရရှိအောင် လုပ်ဆောင်တာမှာ ပါဝင်ဖို့အတွက် ယူရိုသန်း ၂၀၀ ထပ်မံ ရရှိမှာဖြစ်တယ်လို့ ကလပ်နဲ့ နီးစပ်သူက AFP သတင်းဌာနကို ဇန်နဝါရီ ၉ ရက်က ပြောခဲ့ပါတယ်။

“ရော်နယ်ဒိုဟာ စာချုပ်အတွက် ယူရိုသန်း ၂၀၀ ရရှိမှာ ဖြစ်သလို၊ ဆော်ဒီနိုင်ငံရဲ့ ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လုပ်ဆောင်မှုမှာ သံတမန်အဖြစ် နောက်ထပ် ယူရိုသန်း ၂၀၀ ရရှိမှာ”လို့ အမည်မဖော်လိုတဲ့ ကလပ်နဲ့ နီးစပ်သူက ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းရဲ့ ကစားသမားသစ်အဖြစ် မကြာသေးခင်က မိတ်ဆက်ထားတာဖြစ်ပြီး သူဟာ ဆော်ဒီနိုင်ငံ ဒါမှမဟုတ် အခြားပင်လယ်ကွေ့ နိုင်ငံမှာရှိတဲ့ အသင်းတစ်သင်းက ခေါ်ယူတဲ့ အကျော်ကြား ဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ရေနံကြွယ်ဝတဲ့ ဆော်ဒီနိုင်ငံဟာ အီဂျစ်၊ ဂရိတို့နဲ့အတူ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ အခုကတည်းက ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ရော်နယ်ဒိုနဲ့ သူ၏ မိသားစုကိုတွေ့ရစဉ်

အဲ့ဒါကြောင့် ရော်နယ်ဒိုကို သံတမန်အခန်းကဏ္ဍကနေ ထားပြီး အိမ်ရှင်အဖြစ် ကျင်းပခွင့် ရနိုင်အောင် ငွေကြေး အများအပြား ပေးမှာဖြစ်တာကြောင့် ပေါ်တူဂီကစားသမားဟာ ဆော်ဒီနိုင်ငံမှာ ဝင်ငွေယူရိုသန်း ၄၀၀ ရရှိမှာ ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ အာရပ်နိုင်ငံဖြစ်ပြီးနောက် ဆော်ဒီ နိုင်ငံကလည်း ကမ္ဘာ့ဖလား ကျင်းပခွင့်ရဖို့ မျှော်လင့်နေတာပါ။

ရော်နယ်ဒိုကတော့ လက်ရှိအချိန်ထိ အက်ဖ်အေရဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အယ်လ်နာဆာ အသင်းအတွက် ပွဲမထွက်နိုင်သေးပေမယ့် ပီအက်စ်ဂျီနဲ့ ကစားမယ့် ခြေစမ်းပွဲမှာတော့ သူ့ရဲ့ ဆော်ဒီပွဲဦးထွက်အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

အယ်လ်နာဆာနဲ့ အယ်လ်ဟီလယ်တို့ ပေါင်းစပ်ထားတဲ့ အသင်းဟာ ဇန်နဝါရီ ၁၉ ရက်မှာ ခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာပါ။

ရော်နယ်ဒိုရဲ့ အယ်လ်နာဆာ ပွဲဦးထွက်ကတော့ ဇန်နဝါရီ ၂၂ ရက်မှာ ကစားမယ့် အက်တီဖတ်နဲ့ ပွဲစဉ်ဖြစ်တယ်လို့ သိရပါတယ်။

Source:CNA