CNI Sport News
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၁
 
ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒိုဆန်းတို့စ်က မော်ရိုကိုကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရတဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုတာနဲ့ ပတ်သက်ပြီး နောင်တ ရစရာမရှိဘူးလို့ ပြောလိုက်ပါတယ်။
 
ဖာနန်ဒိုဆန်းတို့စ်က " ရော်နယ်ဒိုကို အရန်ခုံမှာထားတာနဲ့ ပတ်သက်ပြီး ကျနော်နောင်တမရပါဘူး။ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး။အသင်းနဲ့ ပတ်သက်လာရင် နှလုံးသားက တွေးလို့မရပါဘူး။ဆွစ်ဇာလန်နဲ့ ပွဲက တကယ်ကိုကောင်းမွန်စွာကစားတဲ့လူစာရင်းကို အသုံးပြုခဲ့တာပါ။ဒါကို မော်ရိုကိုနဲ့ ပွဲမှာ ပြောင်းလဲစရာ အကြောင်းမရှိပါဘူး"လို့ ပြောပါတယ်။
 
ရော်နယ်ဒိုဟာ ဆွစ်ဇာလန်ကို အနိုင်ရခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲမှာလည်း အရန်ခုံထိုင်ခဲ့ရသလို အခု မော်ရိုကိုနဲ့ ကွာတားဖိုင်နယ်မှာလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရတာပါ။
 
 
ရော်နယ်ဒိုဟာ အသင်းအရေးနိမ့်နေချိန် ဒုတိယပိုင်းအရောက်မှ လူစားဝင်ခဲ့ရတာ ဖြစ်ပါတယ်။
 
ရော်နယ်‌ဒိုဟာ ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ပွဲကလိုပဲ ဒီပွဲမှာလည်း အရန်လူစာရင်းမှာသာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
 
ပေါ်တူဂီအသင်း အရေးနိမ့်နေချိန် ဒုတိယပိုင်းမှသာ ရော်နယ်ဒိုကို လူစားလဲအသုံးပြုခဲ့တာပါ။
 
 
ဒါပေမယ့် ပေါ်တူဂီအသင်းဟာ မော်ရိုကိုကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပါတယ်။
 
ဖာနန်ဒိုဆန်းတို့စ်က "ဒီနည်းဗျူဟာ ဆုံးဖြတ်ချက်က အခက်အခဲဆုံးတွေထဲက တခုပါ။ဒါပေမယ့် နှလုံးသားနဲ့ မတွေးနိုင်ပါဘူး။ခေါင်းနဲ့ပဲ စဉ်းစားတွေးတောရမှာပါ။ရော်နယ်ဒိုဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားမဟုတ်တာတော့ မဟုတ်ပါဘူး။ဒါပေမယ့် ဒါနဲ့ ဘာမှမဆိုင်ဘူး"လို့ ပြောခဲ့တာပါ။
 
ရော်နယ်ဒိုကတော့ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် ပွဲအပြီးမှာ အလွန်စိတ်ပျက်နေပြီး ငိုကြွေးကာ အဝတ်လဲခန်းကို ဝင်သွားခဲ့တာဖြစ်ပါတယ်။