CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀

ခရိုအေးရှား အသင်းနည်းပြ ဒါလစ်က ကာတာကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို ရောက်တာက သူတို့အတွက် အဆုံးသတ်မဟုတ်ပဲ ဗိုလ်လုပွဲအထိ တက်နိုင်အောင်လုပ်ဖို့ အသင်းသားတွေကို တိုက်တွန်း လိုက်ပါတယ်။

ဒါလစ်က “ဒါက ကျနော်တို့ အားလုံးအတွက် အောင်ပွဲဖြစ်ပြီး၊ လူတိုင်းက အကောင်းဆုံး ပေးခဲ့ပါတယ်။ အရန် ခုံမှာရှိတဲ့ သူတွေကလည်း အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ ပြိုင်ပွဲရဲ့ ရေပန်းအစားဆုံး အသင်းကို ထွက်ခွာအောင် လုပ်နိုင်ခဲ့လို့ အလွန်ဂုဏ်ယူပါတယ်။ ဒါက ကျနော်တို့အတွက် အဆုံးသတ် မဟုတ်ပါဘူး။ ဆက် သွားရမှာပါ”လို့ ပြောခဲ့တာပါ။

ခရိုအေးရှားအသင်းဟာ ၁၆ သင်းအဆင့်မှာ ဂျပန်နဲ့ ကွာတားဖိုင်နယ်မှာ ဘရာဇီးလ်အသင်းတို့ကို ပင်နယ်တီ အဆုံး အဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်း အောင်ပွဲခံနေကြစဉ် (SI)

ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာကြောင့် အခုတစ်ကြိမ် မှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ဖို့ နည်းပြ ဒါလစ်က မျှော်လင့်နေတာပါ။ ခရိုအေးရှားအသင်းဟာ ဒါလစ်ရဲ့ လက်အောက်မှာ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါလစ်က “ ဂိုးပေးလိုက်ရပြီးချိန်မှာ အရှုံးမပေးဘူး ဆိုတာကို ကျနော်တို့ ပြသခဲ့ပါတယ်။ ကျနော်တို့ဟာ နိုင်ငံငယ် လေး ဖြစ်ပေမယ့် ရေပန်းအစားဆုံး အသင်းကို အနိုင်ရခဲ့တာပါ။ ကျနော့် ကစားသမားတွေဟာ သူရဲကောင်းတွေပါ။ ဒါကို ခရိုအေးရှားတွေပဲ လုပ်နိုင်တာ”လို့ ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် ဗိုလ်စွဲဖို့ ရေပန်းစား နေတဲ့ အာဂျင်တီးနားအသင်းနဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail