CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈

မလေးရှားတစ်နိုင်ငံလုံး အတိုင်းအတာရှိ အချုပ်ခန်းများတွင် မြန်မာ အပါအဝင် အကျဉ်းသားမြောက်များစွာရှိပြီး ကျန်းမာရေး မကောင်းသူများအား NGO အဖွဲ့အစည်းများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ သွားရောက် ကူညီချင် သော်လည်း မလေးရှားအစိုးရမှ ဝင်ခွင့်မပြုထားကြောင်း သိရသည်။

ထို့ကြောင့် မလေးရှားနိုင်ငံရှိ အချုပ်ခန်းများ၊ camp များ၌ ဖမ်းဆီးခံရပြီး အကျဉ်းကျခံနေရသော မြန်မာနိုင်ငံသား များ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ပတ်သက်၍ မြန်မာသံရုံးအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးသင့် ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြော သည်။

မလေးရှားနိုင်ငံရှိ အချုပ်ခန်းများ၊ camp များသို့ ဝင်ခွင့်ရရှိသည့် မြန်မာသံရုံးမှ တာဝန်ရှိသူများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသော မြန်မာနိုင်ငံသားများကို ကူညီဆောင်ရွက်ပေးသင့်ကြောင်း မလေးရှားရှိ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့ ဥက္ကဋ္ဌ ကိုသက်က ပြောသည်။

၎င်းက “ကျန်းမာရေးအပေါ်မှာ မူတည်ပြီးတော့ သူတို့ထုံးတမ်းစဉ်လာအတိုင်း(မလေးအာဏာပိုင်တွေ) လုပ်ပေးပါ တယ်။ ကျနော်တို့ လူနာတွေ ဆေးရုံတင်တဲ့အခါ အမြဲတမ်းတွေ့နေတာပဲ။ လောလောဆယ် ဒီမှာ လူနာတွေ အမြဲတမ်း ဆေးရုံတင်တဲ့အခါ ထောင်သားတွေ၊ ထောင်လုံထိန်းတွေက လူနာဘေးမှာ စောင့်နေတာတွေ။ ဆေးရုံ တင်ပေး တာတွေ ရှိပါတယ်။ လုပ်ပေးပါတယ်။ ပစ်ထားတာမျိုးတွေတော့ မတွေ့ပါဘူး။ camp ကို ရောက်တဲ့အခါ မှာ သွားတွေ့တာတွေ အင်တာဗျူးတာတွေတော့ ရှိတယ်။ ဒါပေမယ့် ကျန်းမာရေး စောင့်ရှောက်မှုပေးတာကိုတော့ ကျနော်တို့ မတွေ့ဖူးသေးဘူး အခုထိပေါ့နော်။ မြန်မာသံရုံးအနေနဲ့ ထောင်ထဲမှာ ကျန်းမာရေး မကောင်းတဲ့ သူတွေ ကို သတင်းပို့တဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။
ယခင်က NGO အဖွဲ့အစည်းများအနေဖြင့် အချုပ်ခန်းများ၊ camp များရှိ အကျဉ်းကျခံနေရသူများအား ကျန်းမာ ရေး စောင့်ရှောက်မှုများ ကူညီပေးခဲ့စဉ်တွင် ၎င်းတို့အတွက် အခြေအနေ ကောင်းမွန်ကာ အဆင်ပြေ ခဲ့ကြကြောင်း သိရသည်။

မလေးရှားတွင် ဖမ်းဆီးခံရသူများကိုတွေ့ရစဉ်

သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စတင်ကာ ၎င်းတို့အား မလေးရှားအစိုးရမှ ဝင်ခွင့်မပြုတော့ခြင်းကြောင့် အကျဉ်းသားများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှာက်မှု ပို၍ ချို့ယွင်းလာကြောင်း၊ မလေးရှားအစိုးရ အနေဖြင့် NGO အဖွဲ့အစည်း၏ ကူညီပေးမှုများအား ခွင့်ပြုပေးသင့်ကြောင်း ရခိုင်ဒုက္ခသည်များ ဗဟို (CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် မလေးရှား၌ အကျဉ်းကျခံနေရသည့် မြန်မာနိုင်ငံသားများ၏ ကျန်းမာရေး စောင့်ရှောက်မှု အပိုင်းနှင့် ပတ်သက်၍ မြန်မာသံရုံးတွင် ချမှတ်ထားသော မူဝါဒမရှိကြောင်း၊ အကျဉ်းကျသူများအား သွားရောက် တွေ့ဆုံရာ တွင်လည်း နေရပ်ပြန်ရေးကိစ္စကိုသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

ဦးညီညီလွင်က “တကယ်လို့ အဲဒီလိုလုပ်မယ်ဆိုရင် မူဝါဒကို ချမှတ်ရမယ်။ မြန်မာနိုင်ငံသားကို မည်သည့်နေရာ မဆို ကူညီစောင့်ရှောက် ကာကွယ်ရေး ဥပမာ အစ္စရေးတို့၊ အမေရိကန်တို့လိုမျိုးပေါ့ မူဝါဒရှိရမယ်။ မူဝါဒရဲ့ အောက်မှာမှ သူ့ရဲ့ ယန္တရားကို ဖွဲ့စည်းပြီးတော့မှ ဆရာဝန်တွေ သူနာပြုတွေက camp ကို တစ်ပတ်ကို ဘယ်နှစ်ရက် သွားမယ်။ ဘယ်ထောင်ကို ဘယ်နေ့မှာသွားမယ် စသည်အားဖြင့် ဆေးရုံတက် ကုသမယ်ဆိုလည်း ကုန်ကျစရိတ် ကို ခံသွားမယ်ပေါ့။ အဲဒီလိုများ အများကြီး လိုပါသေးတယ် အဲဒီအဆင့်အထိ။ မြန်မာသံရုံးကတော့ စဉ်းစားဖို့ အတွက်က အလှမ်းဝေးနေဦးမယ်။ ပြီးတော့ အထက်လူကြီးကို ကြောက်နေရရင် အထက်က ညွှန်ကြားမှဆိုတော့ နေပြည်တော်က ပွင့်ပွင့်လင်းလင်း  ပြောရရင် မလေးရှားထောင်ထဲမှာ ဖြစ်နေတဲ့ ဗမာတွေ၊ မြန်မာနိုင်ငံသားတွေရဲ့ ဒုက္ခ သူမသိနိုင်ဘူး။ အောက်ခြေကတင်ပြပြီး အထက်ကဆုံးဖြတ်ရတာ။ အဲဒီအပိုင်းတွေလည်း လုပ်ဖို့လိုတယ်။ ဒါပေမယ့် သူတို့ တင်ပြရဲလား၊ မတင်ပြရဲလားဆိုတာ အများကြီးပေါ့။ ဒါပေမယ့် လုပ်သင့်တာကတော့ ကြာပါပြီ” ဟု ပြောသည်။

 မလေးရှားတွင် ဖမ်းဆီးခံရသူများကိုတွေ့ရစဉ်

မလေးရှားရှိ အချို့အချုပ်ခန်းများ၊ camp များတွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသောကြောင့် ကူးစက် ရောဂါဖြင့် လူ ၄- ၅ ဦး သေဆုံးမှုများလည်း ရှိကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရားမဝင် အလုပ်လုပ်ကိုင် သော မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးသည် ဖမ်းဆီးခံရပြီးနောက် ကျန်းမာရေး မကောင်းသဖြင့် ကာချမ်းမြို့ ဆေးရုံကြီးပေါ်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ စတင်ကာ ယခု ၂၀၂၃ ခုနှစ် လက်ရှိကာလအထိ အဖမ်းအဆီး များပြားလျက် ရှိသဖြင့် မလေးရှား တစ်နိုင်ငံလုံး အတိုင်းအတာရှိ အချုပ်ခန်းများတွင် အကျဉ်းသား ပြည့်ကြပ်လျက်ရှိနိုင်ကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။