CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၁၉

ထိုင်းနိုင်ငံတွင် အချို့ ပြည်နယ်၊ မြို့နယ်များရှိ အစိုးရကျောင်းများ၌ မြန်မာအပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအား ကျောင်းအပ်လက်ခံရန်အတွက် ငြင်းဆန်မှုများ ရှိနေနိုင်သေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်းရှိ ကလေးတိုင်း အစိုးရ ကျောင်းများ၌ ပညာသင်ကြားခွင့်ရှိသော်လည်း အချို့ ကျောင်းများတွင် ကျောင်းအပ်လက်ခံရန် ငြင်းဆိုမှုများရှိခဲ့ရာ လက်ရှိတွင်လည်း ထိုသို့ ဆက်လက်ရှိနေနိုင်သေးကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“ဘာလို့ဆို သူက တက်ဖို့ဆိုတာကလည်း တစ်ခုတော့ရှိသေးတယ်။ ဒီကလေးက ထိုင်းလိုနည်းနည်းတတ်ဖို့ လို တယ်။ ထိုင်းလိုလုံးလုံးမတတ်ဘူးဆိုတော့လည်း သူတို့မှာ အခက် အခဲရှိတာပေါ့။ အဲဒီဟာပြဿနာရှိတာ။ ထိုင်း ပညာရေးဝန်ကြီးဌာနတင် မဟုတ်ဘူးလေ၊ သူတို့မှာကကြတော့ မိဘ၊ ဆရာ ဘာညာတွေရှိတယ်။ အဲဒီမှာ မိဘတွေ က တောင်းဆိုတယ်ဆိုရင်လည်း အဲဒီလိုပြဿနာတွေ ကြုံတာရှိတယ်။ အသက်ကြီးတဲ့ကလေးတွေပေါ့၊ ကျနော်တို့ က အခုမှ သူငယ်တန်းကိုတက်မယ် ဒါပေမယ့် အသက်က ၂ ဆ ဖြစ်နေတယ် အဲဒါဆို အဆင်မပြေဘူးပေါ့။ သူတို့ ကလည်း သူတို့သားသမီးတွေနဲ့ စိုးရိမ်တာတွေရှိတာပေါ့။ အဲဒါမျိုးကြ ငြင်းပယ်ခံရတာမျိုးတွေ ဒါရှိမှာပဲ” ဟု ၎င်းက ပြောသည်။

ရွှေ့ပြောင်းကျောင်းနေ ကလေးငယ်များကိုတွေ့ရစဉ်

ပြီးခဲ့သည့်ရက်ပိုင်းက လာမည့် စာသင်နှစ်အတွက် သက်ဆိုင်ရာနယ်မြေရှိ အစိုးရကျောင်းများတွင် မြန်မာ အပါအဝင် အထောက်အထားမဲ့ ကလေးများအား လက်ခံကြရန် ထိုင်းနိုင်ငံအခြေခံပညာရေးကော်မရှင်နှင့် ထိုင်းပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထိုထဲတွင် အထောက်အထားမဲ့ ကလေးများနှင့်ပတ်သက်၍ ထူးခြားချက်တစ်ခု ပါရှိကြောင်းလည်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက ဆက်ပြောသည်။

၎င်းက “ဒါပေမယ့် အခုနောက်ဆုံး ထုတ်ပြန်တဲ့အထဲမှာ နောက်ဆုံးအပိုဒ်မှာ ကျောင်းတက်တဲ့ကလေးတွေ အတိုင်းအတာ တစ်ခုအထိ ပညာသင်ကြားပြီးပြီဆိုရင် သူတို့က အထက်တန်းပေါ့၊ အထက်တန်းကနေ ဒီထက်မြင့်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ တက်ဖို့ဆိုရင် တချို့နယ်မြေတွေမှာဆို အထောက်အထားမရှိရင် သွားလာခွင့်မရဘူး။ အဲဒါက တော်တော်ကြာပါပြီဖြစ်နေတာ သိပ်ထူးချွန်တဲ့ ကလေးတွေပဲရတာ။ အဲဒါကြောင့် အခုဆိုရင် အဲဒီလို ကလေးတွေအတွက်ကို ပညာရေးနဲ့ပတ်သက်တယ် ဆိုင်တယ်ဆိုရင် သွားလာခွင့်ပေးဖို့ပေါ့ အဲဒါကတော့ ထူးခြားတယ်လို့ ပြောလို့ရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းတွင် အထောက်အထားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကလေးတိုင်း အစိုးရကျောင်းများတွင် မူလတန်းမှ ၉ တန်းအထိ ပညာသင်ခွင့်ရှိသော မူဝါဒအား ၂၀၀၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အထောက်အထားမဲ့အပြင် ထိုင်းမွေးစာရင်းမရှိပါက မိမိနေထိုင်သည့် ဒေသမှ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာရယူပြီး ကျောင်းအပ်နိုင်သည်။

ရွှေ့ပြောင်းကျောင်းနေ ကလေးငယ်များကိုတွေ့ရစဉ်

သို့သော် အထောက်အထားမဲ့ မြန်မာကလေးများ ထိုင်းအစိုးရကျောင်းများတွင် အပ်နှံသည့်အခါ အသက်အရွယ် ကွာဟမှု၊ ကျောင်းသားဦးရေ များပြားနေမှု၊ ဘာသာစကား အခက်အခဲများကြောင့် လက်မခံကြခြင်းများရှိကြောင်း နှင့် ကျောင်းအပ်လက်ခံရန် ထိုင်းပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုမှာ အချိန်နောက်ကျသွားကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြဿနာက စစ်အာဏာသိမ်းနောက်ပိုင်းမှာ တော်တော်များများက  မြန်မာနိုင်ငံကလာကြတဲ့ သူတွေ ပိုများတဲ့အခါ ကလေးငယ်တွေလည်း အများကြီးပါတယ်။ ပါတဲ့အခါကြတော့ ကျောင်းအပ်တဲ့အခါ လူဦးရေနဲ့ ကျောင်းရဲ့ အဆောင်နဲ့ မလုံလောက်ဖြစ်တာဟာ အဓိကပြဿနာဖြစ်တယ်။ တချို့ကျောင်းတွေက လက်မခံတာ မဟုတ်ဘူး။ လက်ခံတယ် တော်တော်များများ လက်ခံကြတယ်။ ဒါပေမယ့် ကျောင်းနဲ့ လူနေဖို့ အနေအထားနဲ့က အဆင်မပြေတဲ့ ပုံစံမျိုးတွေ တွေ့ရတဲ့အခါ ကျောင်းမတက်ဘဲ ထွက်သွားရတဲ့ လူတွေလည်း ပိုများသွားတယ်။ နောက် ထုတ်ပြန်ချက် ကြေညာချက်ကလည်း နောက်ကျသွားတယ် နည်းနည်း။ ထုတ်ပြန်တဲ့အချိန်က ကလေးတွေက အကုန်လုံး ကျောင်းအပ်လို့ပြီးတဲ့အချိန် ဖြစ်သွားပြီ။ ဘာလို့ဆို ထိုင်းမှာက ကျောင်းအပ်တဲ့ အချိန် က ၂ လပိုင်း အပ်ရမှာ။ ၂ ပိုင်းလောက်မှာ စပြီးအပ်ရမှာကို။ စာမေးပွဲဖြေလို့ပြီးတာနဲ့ ကျောင်းအပ်လို့ ပြီးသွားပြီ အကုန်လုံး။ ဆိုတော့ ကျောင်းအပ်လို့ပြီးတာနဲ့ သူက ဒီစာရွက်ကိုထွက်လာတာ”ဟု  ပြောသည်။

ထိုင်းတွင် အသက် ၆ နှစ်အထိ ၁၂ နှစ်အထိ မူလတန်းအဆင့်ဖြစ်ပြီး အသက် ၁၃ နှစ်ကနေ ၁၅ နှစ်အထိကို အလယ်တန်းအဆင့် သတ်မှတ်ကာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိကို အထက်တန်းအဆင့်အဖြစ် သတ်မှတ် ထားခြင်းဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံတစ်ဝန်းလုံး၌ ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းကလေးငယ် ဦးရေမှာ လေးသိန်းမှ ငါးသိန်းခန့်အထိ ရှိနိုင်ကြောင်းလည်း သိရသည်။