- By CNI
- Category: စီးပွားရေး
- Hits: 528
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆
မလေးရှား အစိုးရသစ်လက်ထက် လက်ရှိ အနေအထားတွင် မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် ထူးခြားမှုများ ရှိလာကြောင်း မလေးရှား၌ မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက် ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
ထိုထူးခြားမှုများ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့ရေးနှင့် တိုင်းရင်းသား ဒုက္ခသည် များအပေါ် UNHCR ၏ ဆောင်ရွက် ပေးမှုများဖြစ်ကြောင်း ရခိုင်ဒုက္ခသည်များဗဟို (CAR) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မြန်မာနိုင်ငံကို အတင်းအဓမ္မ ပြန်ပို့တဲ့ နှုန်းတွေလည်း လျော့ကျလာတာရှိတယ်။ မြန်မာနိုင်ငံ ပြန်ပို့တဲ့ လူတွေက အများစုကတော့ လ.ဝ.က ကမ့်လို့ ခေါ်တာပေါ့နော် အချုပ်ခန်းတွေပေါ့။ ပထမကတော့ သူတို့ ဖမ်း တယ်။ ဖမ်းပြီးတော့ တရားစွဲတယ်။ ထောင်ချတယ်။ ထောင်ချပြီးတော့ အခါကျမှ ထောင်ကနေပြီးတော့ တဆင့် လ.ဝ.က ထိန်းသိမ်းရေး စခန်းတွေကို ပြောင်းတာပေါ့။ ထိန်းသိမ်းရေးစခန်းတွေမှာ ထားတယ်။ ပြန်မယ့် လူတွေ ကျတော့ သံရုံးက ဆက်သွယ်ပြီးတော့ သံရုံးရဲ့ အစီအစဉ်နဲ့ လေယာဉ်လက်မှတ် ဝယ်ပြီးတော့ မြန်မာပြည်ကို ပြန် တာပေါ့နော် ပြန်ပို့တာပေါ့။ အဲဒါ မိမိရဲ့ ဆန္ဒအရပေါ့နော်။ ဆန္ဒမရှိတဲ့ သူတွေကတော့ UN လျှောက်ချင်တဲ့လူဆိုရင် အဲဒီလို တင်ထားရင်တော့ ချက်ချင်း UN ကို ဝင်ခွင့် မပြုသေးဘူး။ ဒါပေမယ့် သူ့ဆီက တဆင့်တော့ အကြောင်း ကြား ရတာတွေ ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ လ.ဝ.က စခန်းမှာ ထိန်းသိမ်းထားတာများတယ် မြန်မာပြည်ကို ပြန်ပို့တာ။ ဒါပေမယ့် အရင်လို အတင်းအဓမ္မ ပြန်ကို ပြန်ရမယ်ဆိုတာမျိုးတော့ မတွေ့ရဘူး။ နောက်ပြီးတော့ UNHCR ကလည်း မှတ်ပုံတင်ထားတဲ့ လူတွေကို ဖုန်းခေါ်တာတို့ မေးမြန်းစုံစမ်းတာတို့ကတော့ အရင်ကထက် စာရင် နည်းနည်း Active ဖြစ်လာတယ်လို့ ပြောလို့ရတယ်” ဟု ပြောသည်။
မလေးရှားရောက် မြန်မာရွှေ့ပြောင်းတစ်ဦးကိုတွေ့ရစဉ်
သို့သော် တရားမဝင် လုပ်သားများနှင့် ပတ်သက်၍ ဖမ်းဆီးမှုများမှာမူ လျော့ကျမသွားဘဲ ၎င်းတို့ဥပဒေအတိုင်း ဖမ်းဆီးမှုများ ရှိနေသေးကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။
ထို့အပြင် ယခင် ကိုဗစ်မတိုင်ခင် ကာလများ၌ မြန်မာနိုင်ငံသား အလုပ်သမားများအား တရားဝင် ကောလင်းဗီဇာ ဖြင့် ခေါ်ယူမှု များပြားခဲ့သော်လည်း လက်ရှိအစိုးရသစ် လက်ထက်တွင် ထိုသို့ ခေါ်ယူမှု အနည်းငယ်သာရှိကြောင်း၊ အခြားနိုင်ငံမှ အလုပ်သမားများကိုသာ အများအပြား ခေါ်ယူနေခြင်းဖြစ်ကြောင်း မလေးရှား၌ မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။
မလေးရှားရောက် မြန်မာများ ဖမ်းဆီးခံရစဉ်
ဦးဘာဘူကြီးက “ကျနော်တို့ မြန်မာနိုင်ငံက အလုပ်သမားတွေကတော့ လုံးဝ အရင်ကလိုမျိုး ကောလင်းတွေ ဘာတွေနဲ့ အများကြီးခေါ်တာမျိုး မရှိတော့ပါဘူး။ မရှိတော့ဘူးဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် လက်ရှိ စစ်အစိုးရနဲ့လည်း မလေးရှားအစိုးရက လက်တွဲပြီး အလုပ်လုပ်ချင်တဲ့ပုံ မမြင်ဘူးလေ။ မမြင်တဲ့ကြားထဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေကို သူတို့ခေါ်တာမျိုးတွေ ရှိလားဆိုတော့ ရှိတယ်၊ ကွက်ကြို ကွက်ကြားလေးပဲ။ ဟိုစက်ရုံက ၁၀ ယောက်ခေါ်လိုက်၊ ဒီစက်ရုံက ၅၀ ခေါ်လိုက် အဲဒီလိုမျိုးပေါ့နော် ဒီစက်ရုံ တိုက်ရိုက်ခေါ်တဲ့ ဟာမျိုး တွေတော့ ရှိတာပေါ့။ အခုအချိန်မှာ အလုပ်ရဖို့တောင် သိပ်မလွယ်ပါဘူး။ ပြောရမယ်ဆိုရင် မလေးရှား အစိုးရ ကနေပြီးတော့ တခြားနိုင်ငံဆိုတာ များသောအားဖြင့် ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ ခေါ်ထားတဲ့ အတွက် အဲဒီကအလုပ်သမားတွေ ဝင်လာတာလည်း အများကြီးပဲ။ အခုဆို ပြောရမယ်ဆိုရင် စက်ရုံကြီး တချို့မှာ ဆိုရင် မြန်မာနိုင်ငံသား အလုပ်သမားတွေကို လျှော့ချပြီး ပြန်ပို့တာတွေတောင် အများကြီး ရှိနေပါတယ်။ ဒါတွေကို ဘယ်သူမှရေးတင်တာလည်း ကျနော်မတွေ့ဘူး။ ဒါပေမယ့် လက်ရှိ အနေအထားမျိုးမှာ တကယ်ကို ဖြစ်နေတာပါ။ စက်ရုံ၊ တကယ့်ကုမ္ပဏီအကြီးတွေမှာပေါ့နော်” ဟု ပြောသည်။
ထို့အပြင် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း နေထိုင်ရေးကိစ္စများ အဆင်မပြေ ဖြစ်နေကြကြောင်းနှင့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ဒီဇင်ဘာလအထိ လျှောက်ခွင့်ပေးထားသည့် ရီကာလီဘရာစီ ပါမစ်(RTK) အား လျှောက်ထားကြရန်လည်း မလေးရှားတွင် မြန်မာနိုင်ငံသားများ အရေး ကူညီ ဆောင်ရွက်ပေးနေသူများက တိုက်တွန်းသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ အပူချိန်များ မြင့်တက်သကဲ့သို့ ကိုဗစ်ကူးစက်မှုများမှာလည်း ပြန်လည် ဖြစ်ပွားနေ သည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် အထူးဂရုစိုက်ကြရန်လည်း မလေးရှား၌ မြန်မာနိုင်ငံသားများ အရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 429
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆
မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားလုပ်ငန်းများသည် လက်ရှိတွင် ဆားကြမ်းများ ဈေးနှုန်းကျဆင်းနေခြင်း ကြောင့် ဆားကွင်းများမှ ဆားထုတ်လုပ်မှုကို ရပ်နားလာကြကြောင်း နေလှန်းဆားတောင်သူများထံမှ သိရသည်။
လက်ရှိ ရရှိနေသည့် ဆားဈေးနှုန်းသည် ဆားထုတ်လုပ်မှုစရိတ်ထက် လျော့ကျနေပြီး အရှုံးပေါ်နိုင်သည့်အတွက် ဆားတောင်သူများသည် ဆားထုတ်လုပ်မှုကို ရပ်နားလာကြကြောင်း၊ ထုတ်လုပ်ပြီးသား ဆားများကိုလည်း ဂိုဒေါင် တွင်သာ လှောင်ထားကြသည်ဟု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာန သို့ ပြောသည်။
ဦးလှတင်က “ဒီဘက်မှာဆို ကျနော်သိရသလောက် ၅ ဖို၊ ၄ ဖိုလောက် ရှိတယ်။ သူတို့ မလုပ်တော့ဘူးလေ။ ရေပဲ မွေးတော့တယ်။ ဆားကို မထုတ်လုပ်တော့ဘူး။ သူတို့က ထားတဲ့နေရာလည်း မရှိဘူး။ ရောင်းဖို့ကလည်းပဲ ဈေး မကိုက်ဘူး။ ထုတ်လုပ်မှု စရိတ်ထက်ကို သူတို့က ဈေးလျော့နေတော့ သူတို့ဝယ်တာဆိုတော့ မရောင်းနိုင်တော့ ဘူး။ ဖိုရှင်တွေက မရောင်းနိုင်တော့ဘူး။ ရောင်းရင် အရှုံးပဲ ပေါ်တဲ့အခါကျတော့ သူတို့ မရောင်းတော့ဘူးပေါ့။ ဆားကိုပဲ သူတို့ဂိုဒေါင်ထဲမှာ လှောင်ထားလိုက်တယ်။ ဂိုဒေါင်ထဲမှာ လှောင်ထားတဲ့အခါကျတော့ ဆားလည်း နောက်ထပ် မလှန်းတော့ဘူး။ လှမ်းလို့ရှိရင် ကျုံးတဲ့သူလည်း အခက်အခဲရှိတယ်။ အဲဒါကြောင့် ကျနော်တို့က ရေပဲ မွေးတော့တယ်” ဟု ပြောသည်။
သင်္ကြန်ကာလမတိုင်ခင်တွင် မွန်ပြည်နယ်၏ နေလှန်းဆားဈေးနှုန်းသည် တစ်ပိဿာလျှင် ၁၅၀ ကျပ်ခန့် ရှိ သော်လည်း သင်္ကြန်ကာလနောက်ပိုင်း လက်ရှိအချိန်တွင် ၁၀၀ ကျပ်ခန့်သာ ရှိတော့ကြောင်း သိရသည်။
ယခုနှစ်တွင် နေအပူရှိန်ကြောင့် ဆားအထွက်နှုန်း တိုးသော်လည်း ဆားဈေးနှုန်း အဆမတန် ကျဆင်းနေခြင်း၊ ဆားထုတ်လုပ်စရိတ် ကြီးမြင့်နေခြင်းတို့ကြောင့် ဆားထုတ်လုပ်မှုများကို ရပ်နားလာကြခြင်းဖြစ်သည်ဟု ဆား တောင်သူများက ပြောသည်။
နေလှန်းဆားလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
လက်ရှိတွင် ရာသီဥတု ပူပြင်းမှုကြောင့် အလုပ်သမားများ အလုပ်လုပ်နိုင်မှုနှုန်း ကျဆင်းမှုကို နေလှန်းဆားလုပ်ငန်း များတွင် ကြုံတွေ့နေရသည်ဟု မွန်ပြည်နယ် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်ဝင်းက CNI သတင်း ဌာနသို့ ပြောသည်။
“ဆားများများထွက်တဲ့အခါကျတော့ ဆားဈေးနှုန်းကျတာလေး ရှိတာပေါ့ အဲဒီသဘောလေးပါပဲဗျ။ ဒီမှာက ရာသီ ဥတုက တအားပူပြင်းတော့လေ ဆားကျုံးလုပ်သား အခက်အခဲတွေ ပေါ်ပေါက်လာတာ ရှိတယ်ပေါ့နော်။ နေပူတာ ကြောင့်ပေါ့။ အရင်တုန်းက ဆားကျုံးလုပ်သား လူအယောက် ၂၀ က တစ်နေ့ကို ပိဿာ ၄ သောင်း ကျုံးသွင်းနိုင် ရင်၊ ဂိုဒေါင်သွင်းနိုင်တယ်ဆိုရင် အခု ၃ သောင်းလောက်ပဲ သွင်းနိုင်တာပေါ့နော်။ သိပ်မလုပ်နိုင်တာပေါ့ နေပူပြင်း လွန်းအားကြီးတဲ့အတွက် အလုပ်လုပ်နိုင်နှုန်း ကျသွားတာပေါ့” ဟု ပြောသည်။
မွန်ပြည်နယ်အတွင်းရှိ နေလှန်းဆားလုပ်ငန်းများကို နှစ်စဉ် တန်ခူးလလယ်ခန့်တွင် ရပ်နားကြလေ့ရှိသော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှု နောက်ကျခြင်းကြောင့် နေလှန်းဆားလုပ်ငန်းတချို့သည် ကဆုန်လအထိ လုပ်ကိုင်နိုင် ကြောင်း ဆားတောင်သူများက ပြောသည်။
ဒါ့အပြင် ယခုနှစ်တွင် ရာသီဥတု ကောင်းမွန်သည့်အတွက် ဆားထွက်ရှိမှု များပြားပြီး ယခင်နှစ်များထက် ပိုများ နိုင်ကြောင်း၊ မွန်ပြည်နယ်တွင် နှစ်စဉ် ဆားတန်ချိန် ၄ သောင်းကျော် ထုတ်လုပ်လျက်ရှိကြောင်း ဆားလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 537
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၁
တခြားဒေသများကနေ ပခုက္ကူမြို့နယ်သို့ ကုန်တင်ကားများ ဝင်ရောက်ရာ လမ်းကြောင်းများရှိ စစ်ဆေးရေး ဂိတ်များမှ မကြာခဏ ပိတ်ခြင်းကြောင့် ပခုက္ကူကုန်စည်ဒိုင်သို့ ကြက်သွန်ဝင်ရောက်မှု လျော့နည်းလာသလို အဝယ်လည်း နည်းနေကြောင်း ကုန်သည်များထံမှ သိရသည်။
အဆိုပါ လမ်းကြောင်း မတည်ငြိမ်မှုများကြောင့် တောင်သူများထံသို့ ကုန်သည်များမှ ကြက်သွန် လာရောက် ဝယ်ယူမှုသည်လည်း နည်းပါးနေကြောင်း ကြက်သွန်စိုက်တောင်သူများက ပြောသည်။
လက်ရှိတွင် ပခုက္ကူမြို့နယ်သို့ ကြက်သွန်ဝယ်ယူမှုများ နည်းပါးနေပြီး ဆိတ်ဖြူမြို့နယ်ဘက်သို့ ကြက်သွန် ကုန်သည်များ သွားရောက်ဝယ်ယူမှု များနေသည်ဟု ကြက်သွန်ကုန်သည် ဦးဇော်ဋ္ဌေးက CNI သတင်းဌာနသို့ ပြောသည်။
ကြက်သွန်နီ များကိုတွေ့ရစဉ်
၎င်းက “လမ်းကတော့ ပုံမှန်တော့ မဟုတ်ဘူးပေါ့။ သွားလို့ရတဲ့အချိန် သွားလိုက်ပေါ့။ သွားလို့မရတဲ့ မသွား လိုက် ပေါ့။ ပုံမှန်ပိတ်တာလည်း မဟုတ်ဘူး၊ ပုံမှန်ရတာလည်း မဟုတ်ဘူး။ ကိုယ်သွားချင်တဲ့ အချိန် သွားလို့ မရတာ ပေါ့။ အဲဒီလိုတော့ အခက်အခဲတွေတော့ ရှိတာပေါ့။ ချိန်မယ့်နေကြ ကားသမားက ပိတ်လိုက်နဲ့၊ ချိန်မယ့်နေရာက ပိတ်လိုက်နဲ့။ သူကလည်း မနက်ပိုင်း ပိတ်တယ်၊ ညနေပိုင်း ဖွင့်ရင်ဖွင့်တယ်။ ညနေပိုင်းပိတ်တယ်၊ မနက်ပိုင်း ဖွင့် ချင်ဖွင့်တာ။ အဲဒါ အတိအကျ ပြောလို့မရဘူး။ ဒါပေမယ့် ကြက်သွန်ကားက ကျနော်တို့ဘက်ကို အသွားနည်း တယ်။ ဆိတ်ဖြူဘက် အသွားများတယ်။ ဆိတ်ဖြူဘက်က နယ်ပွဲစားတွေက သူတို့ကိုယ်တိုင် ဆင်းဝယ်ကြတာ။ ပခုက္ကူပွဲစားတွေက ကျနော်တို့ နယ်ဘက်ကို ဆင်းမဝယ်ဘူး” ဟု ပြောသည်။
လမ်းကြောင်း အပိတ်အဖွင့်သည် အချိန်အတိအကျ မရှိသည့်အတွက် ကြက်သွန်ကုန်သည်များနှင့် တောင်သူများ သဘောတူထားသည့် ရက်ချိန်းအမှီ လာရောက် ဝယ်ယူမှု မပြုနိုင်ခြင်းကြောင့် တောင်သူများတွင် ငွေကြေး ပြတ်လပ်မှုများ ဖြစ်ပေါ်ကြရသည်ဟု ပခုက္ကမြို့နယ်မှ ကြက်သွန်စိုက်တောင်သူ ဦးခင်မောင်ဋ္ဌေးက CNI သတင်း ဌာနသို့ ပြောသည်။
ကြက်သွန်နီ များကိုတွေ့ရစဉ်
၎င်းက “သွားလို့မရဘူးဆိုတော့ တကယ်လို့ သွားလို့ရတဲ့ အချိန်တုန်းက ဝယ်ထားဦးတောင်မှ သွားလို့မရတော့ ဘူးဆိုရင် ဒီနေ့ ချိန်းမယ်ပြောပေမယ့် ဒီနေ့ မချိန်းနိုင်တော့ဘူးလေ တောင်သူတွေဆီကို ကုန်သည်က။ မချိန်း နိုင်တော့ကြတော့ တောင်သူတွေမှာကျတော့ ငွေရမယ့် အချိန်ကို မရတော့တဲ့အတွက် အသုံးအနှုန်းတွေကတော့ နည်းနည်း ပြတ်လပ်မှုတွေ ဖြစ်သွားတာပေါ့။ လမ်းကြောင်းတွေ မရှင်းတဲ့အခါကျတော့ ဝယ်ယူမှုတွေ အားနည်း လာတယ်လေ” ဟု ပြောသည်။
ယခုကာလသည် နွေကြက်သွန်များ နုတ်ပြီးချိန် ဖြစ်နေသည့်အတွက် တောင်သူများထံတွင် ကြက်သွန်များ အမြောက်အများ ရှိနေသော်လည်း လာရောက် ဝယ်ယူသည့် ကုန်သည်များသည် ယခင်ကထက် နည်းပါးနေ ကြောင်း သိရသည်။
သင်္ကြန်ကာလ မတိုင်ခင်က ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်နီ ဝင်ရောက်မှုသည် တစ်ရက်လျှင် ပိဿာချိန် ၈၁,၉၉၉ ပိဿာ ရှိခဲ့ကြောင်း၊ ထို့နောက် သင်္ကြန်ကာလ နောက်ပိုင်းတွင် ပိဿာချိန် ၅၉,၄၃၆ ဝင်ရောက်ခဲ့ သော်လည်း လမ်းကြောင်း အခြေအနေများကြောင့် ကြက်သွန်ဝင်ရောက်မှု လျော့နည်းလာကြောင်း၊ ဧပြီလ ၂၀ ရက်နေ့တွင် ပိဿာချိန် ၄၉,၀၀၀ ခန့်သာ ဝင်ရောက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများ၏ စာရင်းများ အရ သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 394
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၀
သင်္ကြန်ရုံးပိတ်ရက် ကာလနောက်ပိုင်း ပြည်တွင်း ဆန်ဈေးကွက် အတွင်းသို့ ဆန်ဝင်ရောက်မှု နည်းပါးနေခြင်း ကြောင့် ပြည်တွင်းစားသုံးသည့် ဆန်များသည် ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်း ရန်ကုန် ဝါးတန်း ကုန်စည်ဒိုင်ထံမှ သိရသည်။
လက်ရှိတွင် ဝါးတန်းလမ်း ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှုသည် ပုံမှန်ထက် အိတ်ရေ ၁ သောင်းခွဲခန့် လျော့ကျနေ ကြောင်း၊ ဆန်ဈေးနှုန်းများသည်လည်း ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ၁၀၀၀ ကျပ်ခန့် မြင့်တက်နေ သည်ဟု ဝါးတန်းကုန်စည်ဒိုင်မှ တွဲဖက်အတွင်းရေးမှူး ဦးဇော်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးဇော်ခိုင်က “ပုံမှန်နဲ့ဆိုရင်တော့ အိတ် ကွာတာပေါ့။ အခုက အရင်ဝင်တဲ့နှုန်းနဲ့ဆိုရင် ၁ သောင်းခွဲလောက် ကွာတာပေါ့။ လက်ရှိ အနေအထားကတော့ ၃ သောင်း၊ ၃ သောင်းခွဲလောက်ပေါ့။ ဒါလည်း တနင်္လာ၊ အင်္ဂါ ဖွင့်ရက် ပေါ့။ ဖွင့်ရက် ၂ ရက်လောက်ပဲ ဝင်တယ်။ ကျန်တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေကတော့ သိပ်မလာဘူး။ နည်းနည်း တော့ ရှိတာပေါ့ ၁၀၀၀၊ ၁၅၀၀ လောက် တက်တာပေါ့။ လောလောဆယ်တော့ ကျတဲ့ဘက်တော့ ပြောလို့မရသေး ဘူးပေါ့နော်။ ဆန်ဈေးကတော့ ဒီအတိုင်းလေးပဲ သွားမယ်လို့တော့ ကျအုံးမှာပေါ့ နည်းနည်းတော့။ နောက်လ လောက် ဆိုရင်တော့ ပုံမှန်လေးတော့ ပြန်ဝင်လာမယ်။ ဒါပေမယ့် ပုံမှန်ရာသီချိန် မဟုတ်တဲ့အတွက် ပစ္စည်းက နည်းနည်း ပေါပေါများများတော့ မရှိဘူးပေါ့” ဟု ပြောသည်။
ဆန်အိတ်များ သယ်နေကြစဉ်
သင်္ကြန်ကာလ မတိုင်ခင်တွင် ဆန်ဈေးနှုန်းသည် မြင့်တက်နေခဲ့ပြီး လက်ရှိ သင်္ကြန်ကာလ နောက်ပိုင်းတွင်လည်း ဆန်အဝင် နည်းခြင်းကြောင့် ဈေးနှုန်းများ ထပ်မံ မြင့်တက်လာသည်ကို တွေ့ရသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလ ဖြစ်သွားခြင်းနှင့် ဆန်စက်များ လည်ပတ်ရန်အတွက် လျှပ်စစ်မီး ရရှိချိန် နည်းပါးခြင်း ကြောင့် ဆန်ထွက်ရှိမှု နည်းပါးသွားခြင်းဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးသည့်ဆန်များ ဝင်ရောက်မှု နည်းသွားခြင်း ဖြစ်သည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းဦးက “အဲဒါက ဝါးတန်းကုန်စည်ဒိုင်မှာ ပြည်တွင်း စားသုံးတဲ့ဆန်တွေက သင်္ကြန်ပိတ်ရက် ရှည်လိုက်တော့ အခု နောက်ထပ် သူတို့ရောင်းစရာ လောလောဆယ် လက်ကျန် လက်လီဆိုင်တွေမှာ နောက်ထပ် ဝယ်ယူဖို့ အတွက် နယ်ကကုန်သည်တွေဆီမှာ မလာသေးဘူး။ နှစ်ဆန်း ၂ ရက်နေ့ဆိုတော့ အလုပ်မလုပ်သေးဘူး။ နှစ်ဆန်း ၃ ရက်၊ ၄ ရက်လောက်မှ ပြန်ပြီးတော့ ဒီနေ့လောက်မှ ပြန်ပြီးတော့ အလုပ်သမားတွေနဲ့ ပြန်လည်လို့ရတယ်။ နောက် ဆန်စက်တွေက မီးတွေက မလာတော့ ဆန်ကြိတ်ဖို့က မကြိတ်နိုင်ဘူး။ ၁ ရက်မှ မီးက ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီလောက်ပဲလာတော့ ဆန်ထွက်အားက နည်းနေတယ်လေ။ အဲဒါက ပြည်တွင်းစားသုံးတဲ့ ဆန်တွေကိုပြောတာ။ ဦးတို့ဒိုင်က Exporter တွေ ဝယ်တဲ့ ကုန်ကြမ်းတွေကတော့ သင်္ကြန်မတိုင်ခင်ကတည်းက ကြိတ်ထားတဲ့ဟာတွေ ရှိတယ်။ အဲဒါတွေက အခု ပုံမှန် ဝင်လာနေတယ်။ ၁ ရက် အိတ် ၄၊ ၅ သောင်းတော့ ပြန်ဝင်တယ်လေ” ဟု ပြောသည်။
ဆန်အိတ်များ သယ်၍ ဆိုက်ကားသမား သွားနေသည်ကိုတွေ့ရစဉ်
ဆန်ဝင်ရောက်မှု များပြားလာသည့် အချိန်တွင် ဆန်ဈေးနှုန်း အနည်းငယ် ကျဆင်းလာနိုင်သော်လည်း ဝယ်လိုအား များသွားမည်ဆိုပါက ဆန်ဈေးနှုန်းသည် အတက်ဈေးဖြင့်သာ ရှိနေနိုင်သည်ဟု ဆန်ရောင်းဝယ်သူများက ပြောသည်။
ရန်ကုန်၊ ဝါးတန်းဆန်ကုန်စည်ဒိုင် စျေးကွက်တွင် သင်္ကြန်ရုံးပိတ်ရက် ကာလ မတိုင်ခင်တွင် ရွှေဘိုပေါ်ဆန်း တစ် အိတ်လျှင် ၉၃၀၀၀ ကျပ် ရှိခဲ့သော်လည်း လက်ရှိတွင် ၉၇၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းဈေးနှုန်းသည် ၇၉၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်၊ ဘိုကလေးလိုင်းပေါ်ဆန်းသည် ၇၃၀၀၀ မှ ၇၄၀၀၀ ကျပ်၊ ရက် ၉၀ ဆန်တအိတ်လျှင် ၅၇၀၀၀ မှ ၆၄၀၀၀ ကျပ်၊ ကြားပျံဆန်တစ်အိတ်သည် ၇၆၀၀၀ မှ ၈၀၀၀၀ ကျပ် အမျိုးအစားအလိုက် ဆန် တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ၄၀၀၀ ကျပ်အထိ မြင့်တက်လာသည်ကို တွေ့ရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 405
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉
ဧပြီ၊ မေလနှင့် ဇွန်လတို့တွင် ရေချိုပုစွန်များ ဥကပ်ချိန် ဖြစ်သည့်အတွက် ထို ၃ လတာ ကာလအတွင်း ဥကပ်နေ သည့် ပုစွန်တုပ်များ (သို့မဟုတ်) ဥပြည့်ဝနေသော ရေချိုပုစွန်များကို ဖမ်းဆီခြင်း တားမြစ်လိုက်ကြောင်း ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ဥကပ်နေသည့် ပုစွန်တုပ်ကြီးများကို ဖမ်းဆီးမှု တားမြစ်ရခြင်းသည် ပုစွန်များ သားပေါက်ချိန် ပိုမိုရရှိစေရန်နှင့် ပုစွန်မျိုးများ ပြုန်းတီးမှု မဖြစ်စေရန်အတွက် ဖြစ်သည်ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဥကပ်တဲ့ပုစွန်က ဖမ်းကို မဖမ်းရတာလေ။ နဂိုကတည်းက ဥပဒေက ရှိနေတာပဲ။ ဥကပ် ပုစွန်ဆိုတာ ဥချ မှာလေ။ ဥချပြီးလို့ရှိရင် အကောင်ကြီးတွေ ဖြစ်လာပြီး ပေါက်မှာပေါ့နော်။ သူတို့ပေါက်မယ့် အချိန်ကို တားထား တာလေ။ သူတို့ပေါက်တဲ့ အချိန်ကို ပိတ်လိုက်တာလေ။ ပိတ်လိုက်မှပဲ ပုစွန်တွေက ပိုပြီးတော့ ပေါက်ဖို့ အချိန် ရပြီးတော့ ကြီးလာမှာပေါ့နော်။ ဒါပေမယ့် လူတွေကတော့ စည်းကမ်းမရှိ လုပ်နေကြတာပဲ။ တာဝန်သိတဲ့ ကိုယ့် လူမျိုးဆိုရင်တော့ မဖမ်းဘူးပေါ့။ ဥကပ် နေတယ်ဆိုရင် မဖမ်းဘူးပေါ့။ ဖမ်းလို့ မိတယ်ဆိုရင်တောင်မှ ပြန်လွှတ်တာ ပေါ့နော်။ ဒါပေမယ့် တာဝန်မသိတဲ့ သူတွေကတော့ ဥကပ်တွေကို ဖမ်းပြီးတော့ ဈေးကွက် တင်နေတာပဲလေ။ လူ တစ်ယောက်ရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှု အပေါ်မှာပဲ မူတည်ပါတယ်။ ဥပဒေနဲ့ တားပေမယ့်လို့ လူတိုင်းကိုတော့ ဘယ်ဖမ်းနိုင်မလဲ” ဟု ပြောသည်။
ဥကပ်ပုစွန်ကိုတွေ့ရစဉ်
ဥကပ် ပုစွန်တုပ်ကြီးများကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါက သားလောင်းများ မပေါက်နိုင်တော့ဘဲ မျိုးပြုန်းတီးမှုကို ဖြစ်ပေါ်စေနိုင်တာမို့ ဧပြီ၊ မေလနှင့် ဇွန်လများမှာ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်းများ မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနမှအမိန့်ကြေညာဖြင့် တားမြစ်ထားခြင်း ဖြစ်သည်။
ဧပြီ၊ မေလနှင့် ဇွန်လ ၃ လကို ဥကပ်ပုစွန်နှင့် ငါးမဖမ်းရ ကာလဟု သတ်မှတ်ထားခြင်းကြောင့် တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ကင်းမွန်ငါးဖမ်း လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံများအတွက် အခက်အခဲ ဖြစ်သွားသည်ဟု တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒီလတွေမှာကျတော့ ကင်းမွန်ဖမ်းတာတို့၊ မွိုက်ချပိုက်တွေအတွက် နည်းနည်း အခက်အခဲ ရှိတယ်။ သူတို့က မိုးရာသီမှာ သူတို့ဖမ်းလို့ မရဘူး။ နွေရာသီမှာပဲ သူတို့ဖမ်းလို့ ရတယ်။ မိုးရာသီဆို ဇွန်၊ ဇူလိုင်၊ ဩဂုတ်က သူတို့ မဖမ်းနိုင်ဘူး ရပ်နားနေရတာပေါ့နော်။ အဲဒီအခက်အခဲတော့ တစ်ခုတော့ ရှိတာပေါ့၊ ဒေသခံ ရေလုပ်သား တွေရဲ့ အခက်အခဲပေါ့။ ဒါပေမယ့် သုတေသန အလုပ်အရတော့ ကင်းမွန်ဆိုပြီး အတိအကျတော့ မဟုတ်တော့။ ငါး မျိုးစိတ် အားလုံးအပေါ်မှာ သူတို့က သိမ်းကျုံးပြီးတော့ ဧပြီ၊ မေ၊ ဇွန်ဆိုပြီးတော့ ပိတ်လိုက်တာပေါ့။ ပိတ်လိုက် တော့ ကင်းမွန်သမားတွေ အားလုံး ပါသွားတာပေါ့။ ဒါပေမယ့် စာတင်ပြီး တောင်းဆိုနေတာတော့ ရှိတာပေါ့ ကင်း မွန်လုပ်ငန်းတွေကတော့။ မွိုက်ချပိုက် လုပ်ငန်းတွေကတော့ သူတို့ကတော့ အဆင်မပြေဘူးပေါ့” ဟု ပြောသည်။
ဥကပ်ပုစွန်ကိုတွေ့ရစဉ်
ပုစွန်များကို ဖမ်းဆီခြင်းထက် စနစ်တကျ မွေးမြူမှုသည် ပိုများကြောင်း၊ ပိုက်ဖြင့် ဖမ်းဆီးရရှိပြီးသား ငါး၊ ပုစွန်များ သည် အသက် မရှင်နိုင်တော့သည့်အတွက် ပြန်လည်လွှတ်ပေးရန် အဆင်မပြေကြောင်း ငါးလုပ်ငန်း လုပ်ကိုင် သူများက ပြောသည်။
ထို့ကြောင့် ဥကပ်ပုစွန်များ ဖမ်းဆီးမှုကို တားမြစ်ထားသည့် ကာလအတွင်း ငါးလုပ်ငန်း လုပ်ကိုင်သူများသည် လုပ်ငန်းများကို ရပ်နားကြသည်ဟု သိရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 487
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၁၈
မြန်မာ-ထိုင်းနယ်စပ်မှ ပြန်လည် ဝင်ရောက်လာသည့် ရွှေ့ပြောင်းလုပ်သားများအား ပြည်တွင်းတွင် အလုပ်ပေး မည်ဆိုပါက ၎င်းတို့အနေဖြင့် လုပ်အားခနည်းလျှင် စိတ်ဝင်စားမှု နည်းနိုင်ကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ-ထိုင်း နယ်စပ်များမှ တဆင့် ပြန်လည် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများကို အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက် ကူညီပေးနိုင်ရေးအတွက် မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်၊ International Organization for Migration(IOM)၊ မွန်ပြည်နယ် ကုန်သည် စက်မှုအသင်းနှင့် ကရင်ပြည်နယ် စက်မှုအသင်းတို့မှ တာဝန်ရှိသူများသည် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိကြသည်။
ထိုသို့ အလုပ်အကိုင်များ ချိတ်ဆက်ပေးသည့် အခါတွင် ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းနိုင်ငံတွင် ရရှိခဲ့ သော လုပ်အားခထက် လျော့နည်းမည်ဆိုပါက ၎င်းတို့ချိတ်ဆက်ပေးသည့် ပြည်တွင်း အလုပ်အကိုင်များ၌ လုပ်ကိုင်ရန် စိတ်ဝင်စားကြမည် မဟုတ်ကြောင်း မဲဆောက်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းမှာ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာများကိုတွေ့ရစဉ်
ကိုသားကြီးက “အလုပ်သမားအရေးဟာ နိုင်ငံအရေးနဲ့ အများကြီး ဆက်စပ်နေတယ်ဆိုတာကို အဲဒီအဖွဲ့အစည်း တွေ သိဖို့ လိုအပ်တယ်ပေါ့။ ဆိုတော့ အလုပ်သမားတွေကို ပြည်တွင်းထဲမှာ အလုပ်ပေးတော့မယ်လို့ စီစဉ် လိုက် တယ် ဆိုတာနဲ့ နံပါတ်တစ်က မေးခွန်းထုတ်ရမှာက အလုပ်သမားအရေး တည်ဆဲဥပဒေက ဘယ်လောက်အထိ ခိုင်ခိုင် လုံလုံရှိလဲပေါ့။ ဒီအလုပ်သမားအရေး တည်ဆဲဥပဒေကို ဘယ်သူတွေကရော လိုက်နာကျင့်သုံးနေသလဲပေါ့ တာဝန်ရှိသူတွေမှာ။ ပြီးတော့ အလုပ်ပေးမယ်ဆိုတဲ့ နေရာမှာ ဘယ်လိုအလုပ်မျိုးကို ပေးမှာလဲပေါ့။ ပြီးတော့ လုပ်အားခက သတ်မှတ်ထားတဲ့ တည်ဆဲဥပဒေက သတ်မှတ်ထားတဲ့ လုပ်အားခက လက်ရှိတိုင်းပြည်မှာ ဖြစ်ပေါ် နေတဲ့ ကုန်ဈေးနှုန်းပေါ့ ဆန်ဈေးတွေနဲ့ မိသားစုတစ်စုရဲ့ စားဝတ်နေရေးကို ဖြေရှင်းနိုင်ပါ့မလားပေါ့။ မေးခွန်းထုတ် စရာတွေကတော့ အများကြီးပါပဲ။ အဲဒီတော့ ခြုံပြီးတော့ပြောရရင် ထိုင်းနိုင်ငံထဲမှာ ပေးထားတဲ့ ဥပဒေက သတ် မှတ်ထားတဲ့ လုပ်အားခထက် တစ်ဝက်လောက်တောင် မရှိတဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်း လုပ်အားခကို ဘယ်ရွှေ့ပြောင်း အလုပ်သမားမှ စိတ်ဝင်စားမှာ မဟုတ်ဘူးလို့ ဒါကနဦး ပြောချင်တယ်”ဟု ပြောသည်။
ပြည်တွင်းတွင် အလုပ်သမားများ၏ အသက်အာမခံများ၊ လုပ်ငန်းပိုင်းဆိုင်ရာ လုံခြုံမှုပေးရမည့် စည်းမျဉ်း စည်း ကမ်းများကို ထိုင်းနိုင်ငံထက် ပေးနိုင်မည် မဟုတ်ကြောင်းလည်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောသည်။
ထို့အပြင် မြန်မာ-ထိုင်း နယ်စပ်များမှ တဆင့် ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများသည် ပြည်တွင်းတွင် ၎င်းတို့ ချိတ်ဆက်ပေးသည့် အလုပ်အကိုင်များအား လုပ်မည့်အစား ထိုင်းနိုင်ငံသို့ ပြန်လည် ဝင် ရောက်၍ အလုပ်လုပ်ကိုင်ကြမည် ဖြစ်ကြောင်းလည်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင် ရွက်သူများက သုံးသပ်သည်။
ထိုင်းကို အလုပ်သွားလုပ်မယ့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများကိုတွေ့ရစဉ်
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “ဒီမှာကိုက (ထိုင်း) သူက သတ်မှတ်ထားတာ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေကို အဲဒီလိုမျိုး အောက်ခြေ အလုပ်တွေကိုပဲ ကျနော်တို့ကို ပေးလုပ်တာ။ ဆိုတော့ အဲဒီအထဲ မှာဆို အတတ်ပညာပိုင်း ဆိုင်ရာဆိုရင် ဘယ် အဆင့်လောက်တွေ ပါလာမလဲ။ ဥပမာအားဖြင့် ပန်းရံ လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့လူတွေဆို ဒီက စနစ်တွေကို လေ့လာ ပြီး နားလည် တတ်ကျွမ်းတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့က ပြန်လုပ်မယ်ဆိုရင်လည်း ပံ့ပိုးနိုင်တဲ့ အပိုင်းက ငွေကြေး တော်ရုံ တန်ရုံ ရှိတဲ့လူတွေ တောင်မှလေ အခက်အခဲ ကြုံနေကြရတာ တွေ့တယ်ဆိုတော့ အစိုးရက အဲဒီလို တကယ် ကူညီပေးမယ်၊ လုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီး ကူညီပေးမယ်ဆိုတဲ့ဟာက ကျနော်ထင် တယ် သိပ်ပြီးတော့ မလွယ်လောက်ဘူး၊ မဖြစ်နိုင်လောက်ဘူး။ နောက်တစ်ခုက ယုံကြည်မှုပေါ့။ ဒီက အလုပ်သမား တွေက အဲဒါကို အားကိုးယုံကြည်ပြီးတော့ ပြန်မလား ကျနော်ပြောတာ ဟုတ်တယ်မလား။ မပြန်နိုင်ဘူး အဲဒါက” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းမှ ပြန်လည် ဝင်ရောက်လာသည့် လုပ်သားများနှင့် ပတ်သက်၍ မွန်နှင့် ကရင်ပြည်နယ် ကုန် သည် စက်မှုအသင်းများမှ တာဝန်ရှိသူများ အနေဖြင့် ပုဂ္ဂလိက ကဏ္ဍပိုင်းများတွင် မိတ်ဆက်ပေးခြင်း၊ တနိုင်တပိုင် စီးပွားရေးများ လုပ်ကိုင်နိုင်ရန် ထောက်ပံ့နိုင်ရေးတို့ကိုလည်း ဆွေးနွေးထားကြသည်။
- By CNI
- Category: စီးပွားရေး
- Hits: 529
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၈
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒေါ်လာလဲလှယ်ရာ၌ ဘဏ်များမှ ရောင်းချ ပေးရန် အခက်အခဲ ရှိနေသည့်အတွက် ဘင်္ဂလားဒေ့ရှ် ကုန်သည်များ၏ ကုန်စည် မှာယူမှု လျော့ကျလာခြင်းနှင့်အတူ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးသည် ယခင်ကထက် ကျဆင်းလာနေသည်ဟု ရခိုင်ပြည်နယ် ကုန်သည်များထံမှ သိရသည်။
အမှာစာများ လျော့နည်းလာခြင်းကြောင့် ကုန်ပစ္စည်း တင်ပို့ရာတွင် ယခင်က တစ်လလျှင် ငါးမြစ်ချင်း ကားအစီး ရေ ၆၀ အထိ တင်ပို့နိုင်ခဲ့သော်လည်း မတ်လမှစတင်၍ အစီး ၂၀ ခန့်သာ ရှိတော့ကြောင်း မောင်တောကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသန်းနိုင်က “ဟိုဘက်နိုင်ငံက အစ်ကိုတို့ကို ပိုက်ဆံချေတဲ့အခါမှာ ဒေါ်လာနဲ့ ချေရတယ်လေ။ သူတို့မှာ ဒေါ်လာ နဲ့ချေဖို့ အဆင်မပြေဘူး ဖြစ်နေတယ်ဆိုပြီးတော့ အမှာစာတွေ လျော့ကျသွားတာပေါ့။ ဒေါ်လာကို သူတို့ဗဟိုဘဏ် တို့၊ လိုင်စင်ရ ဘဏ်တွေကနေ ရောင်းပေးတယ်။ အဲဒီဘဏ်ကနေ ရောင်းပေးဖို့ အခက်အခဲ ဖြစ်နေတယ်ပေါ့။ တာကာပေးလိုက်ရင်၊ သူတို့နိုင်ငံ ငွေကြေးပေးလိုက်ရင် ဒေါ်လာပြန်လဲလို့ရတယ်။ အဲဒီ ဒေါ်လာကို မြန်မာနိုင်ငံကို ပြန်ချေတာပေါ့။ အဲဒီဟာကို သူတို့နိုင်ငံမှာ လောလောဆယ် ဒေါ်လာပေးချေဖို့ ခက်နေတာပေါ့။ အဲဒါကြောင့်မို့ နည်းနည်း အမှာစာတွေ လျော့ကျနေတာ။ နည်းနည်း လျော့ကျသွားတာပေါ့။ ၁ လကို အစီးရေ ၄၀၊ ၅၀၊ ၆၀ ပို့ နိုင်ရင် အခု ၂၀ တောင် မပို့နိုင်ဘူးပေါ့။ သူတို့ ငွေပေးချေလို့ ရပါပြီဆိုမှ နည်းနည်းမှာ မယ့်သဘော” ဟု ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံ၏ ပို့ကုန်မူဝါဒအရ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း လဲလှယ်ကြရမည်ဟု ကန့်သတ်လိုက်ခြင်းကြောင့် ကုန်သည်များ အနေဖြင့် အကျိုးအမြတ် ရရှိမှု နည်းပါးသွား ကြောင်း သိရသည်။
ရခိုင်နယ်စပ် ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းများသယ်ဆောင်နေကြသည်ကိုတွေ့ရစဉ်
ကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချမည်ဆိုပါက တစ်ဖက်နိုင်ငံမှ ဝယ်ကြမည် မဟုတ်သည့်အတွက် ပို့ကုန်တင်ပို့သည့် လုပ်ငန်းကို ရပ်တန့်ထားကြသော ကုန်သည်များရှိသည်ဟု ကုန်သည်များက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် ဇန်နဝါရီလတွင် ငါးမြစ်ချင်း တန်ချိန် ၁,၀၀၀ ကျော် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့သော်လည်း မတ်လတွင် ငါးမြစ်ချင်း တန်ချိန် ၂၀၀ ကျော်သာ ကုန်သွယ်နိုင်ခဲ့ကြောင်း မောင်တောနယ်စပ်စခန်း၏ စာရင်းများအရ သိရသည်။
စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတွင် လက်ရှိ၌ ကုန်သွယ်မှု လျော့ကျမှု မရှိသေးကြောင်း၊ ယခင်ရှိနှင့်ထားပြီး သား အမှာစာများကို တင်ပို့နေကြကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးတင်အောင်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးတင်အောင်ဦးက “စစ်တွေဘက်ကတော့ လက်ရှိ အနေအထားလေးကတော့ ဒါကတော့ တစ်ဖက်နိုင်ငံက ငွေပေးချေတဲ့ အချိန်မှာ bank draft ပေါ့ သူတို့အခေါ်၊ ဒီ bank draft နဲ့ ပေးချေတဲ့အချိန်မှာ တစ်ဖက်နိုင်ငံက bank draft တွေကို သူတို့ရဲ့ ဘဏ်မှာ system error တွေကြောင့် ရပ်နားထားတာ ရှိတယ်။ နောက် တခြား ဘာအကြောင်းနဲ့ကြောင့် ရပ်နားထားတာတော့ မပြောတတ်ဘူးလေ။ အဲလိုမျိုး အခြေအနေတွေတော့ ရှိတဲ့ အချိန်မှာတော့ လက်ရှိ အနေအထားကျတော့ စစ်တွေကကျတော့ တအားကြီး ကျဆင်းသွားတယ်ဆိုတဲ့ အနေ အထားတော့ မရောက်သေးဘူး စစ်တွေကတော့လေ။ လောလောဆယ်ကတော့ ရှိတဲ့ကုန်သည်တွေကတော့ ဟိုဘက်က မှာသလောက်တော့ သူတို့ပို့ပေးနေကြတယ်။ ဒါပေမယ့် ဒါလည်း တစ်ဖက်က အဲဒီလို bank draft အကောင့်ကို ဝင်ရောက်မှု မရှိတော့ဘူးဆိုရင်တော့ အခုကတော့ အရင်ကျန်ခဲ့တဲ့ bank draft တွေနဲ့ပဲ ပို့နေတာ တော့ လက်ရှိအချိန်မှာတော့ ရှိသေးတယ်လေ” ဟု ပြောသည်။
ရခိုင်နယ်စပ် ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းများသယ်ဆောင်နေကြသည်ကိုတွေ့ရစဉ်
လက်ရှိ ဖြစ်ပေါ်နေသည့် အခက်အခဲနှင့် ပတ်သက်ပြီး ကုန်သွယ်မှုလုပ်ငန်းများကို မထိခိုက်စေရန်အတွက် နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကုန်သည်စက်မှု အသင်းအနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ များထံသို့ မေးမြန်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဒေါ်လာလဲလှယ်မှု အခက်အခဲသည် မည်သည့်အချိန်ထိ ဖြစ်ပေါ်နေမည် ကို မသိသေးကြောင်း၊ ထိုအခက်အခဲသည် ဆက်လက် ကြာမြင့်နေမည်ဆိုပါက ရခိုင် - ဘင်္ဂလားဒေ့ရှ် ကုန်သွယ် ရေးသည် ယခုထက် ပို၍ ကျဆင်းသွားနိုင်ကြောင်း ကုန်သည်များက ပြောသည်။
- By CNI
- Category: စီးပွားရေး
- Hits: 535
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၇
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် သင်္ကြန်ပိတ်ရက် နေရပ်ပြန်မည်ဆိုပါက မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းကြောင်းမှ မပြန်ကြရန် ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက CNI သတင်းဌာနသို့ ပြောသည်။
အဆိုပါ လမ်းကြောင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဧပြီ ၇ ရက်မှ ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ထိုင်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် သင်္ကြန်ပိတ်ရက် နေရပ်ပြန်မည်ဆိုပါက မြဝတီ-ကော့ကရိတ် လမ်းကြောင်းအစား အခြားလမ်းကြောင်းများမှ နေပြန်ကြရန် FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ဦးမင်းဦးက “အခက်အခဲ တစ်ခုတော့ ဖြစ်တာပေါ့။ ဒါပေမယ့် ဒီဟာကြောင့် လုံးလုံးကြီး ပြန်လို့မရဘူးတော့ မဟုတ်ပါဘူး။ ကျန်တဲ့ လမ်းကြောင်းပေါ့နော်။ ကျန်တဲ့ နယ်စပ်တွေကနေ ပြန်၊ ဒါမှမဟုတ်လည်း လေယာဉ်နဲ့ပြန် အဲဒါမျိုး ရပါတယ်။ မဲဆောက်ကနေ ပြန်မှ ရတယ်ဆိုတာမျိုးမှ မဟုတ်တာ။ တခြားနေရာတွေကနေလည်း ပြန်လို့ ရနေတာပဲ။ ရှောင်လွှဲလို့မရတဲ့ ရုတ်တရက် ဖြစ်လာတဲ့ဟာလေ။ ကုန်ကျစရိတ်ကတော့ အနည်းနဲ့အများ ရှိလိမ့် မယ်။ ဒါက ပြန်မယ့်လူက သူဘယ်နေရာကို ပြန်မှာလဲပေါ့လေ။ ဘယ်ဇာတိ ဥပမာ ရန်ကုန်ကလား၊ ဒါမှမဟုတ် တောင်ပိုင်းတို့ ဘာတို့ဆိုရင်တော့ ကော့သောင်း-ရနောင်း လမ်းကနေ ပြန်လို့ရနေပြီ။ တကယ်လို့ အပေါ်ပိုင်းက ဆိုရင်တော့ တာချီလိတ်-မယ်ဆိုင်ပေါ့နော် အဲဒီကနေ ပြန်လို့ရတာပေါ့နော်။ ကုန်ကျစရိတ်ကတော့ အနည်းနဲ့ အများ ကွာမယ်။ အထူးသဖြင့်တော့ မော်လမြိုင်တို့ ရန်ကုန်တို့ အဲဒီလိုမျိုး ရှိတဲ့လူတွေ၊ ကရင်ပြည်နယ်ကလူတွေ သူတို့အတွက်ကတော့ နည်းနည်း အခက်အခဲ ဖြစ်သွားတာပေါ့။ ကိုယ်အတတ်နိုင်ဆုံး အန္တရာယ်ကင်းတဲ့ လမ်းကို ရွေးပြီးတော့ ပြန်တာ ပိုကောင်းတာပေါ့နော်။ အခုနေ ပြန်မယ်ဆိုရင် မဖြစ်မနေ ပြန်ရတဲ့လူကိုတော့ မပြောလိုပါ ဘူး။ ဒါပေမယ့် ဒီအချိန်က တိုင်းပြည်ကလည်း အခြေအနေ မကောင်းသေးဘူး။ ပြီးတော့ စရိတ်စကတွေကလည်း ကြီးနေတဲ့အချိန် ကိုယ့်ကိုပဲ မိသားစုက မှီခိုနေရတဲ့ ဟာမျိုးဆိုရင် ကိုယ် ပြန်သွားလို့ ကုန်ကျမယ့်စရိတ်နဲ့ အခက် အခဲ ထက်စာရင် ဒီကနေပြီးတော့ ပို့ပေး၊ ထောက်ပံ့ပေးတာက ပိုပြီးတော့ အကျိုးမရှိနိုင်ဘူးလားပေါ့နော်” ဟု ပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကိုတွေ့ရစဉ်(Frontier)
ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ် အာရှလမ်းမကြီး တစ်လျှောက်တွင် မတ်လ ၂၅ ရက်နေ့မှ စတင်ကာ တပ်မတော်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ထိုင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သား အများစုသည် လက်ရှိ အနေအထားများကြောင့် မိမိတို့၏ အသက်အန္တရာယ် လုံခြုံရေးအရ သင်္ကြန်ပိတ်ရက် ကာလတွင် နေရပ်ပြန်မည့် အခြေအနေရှိမည် မဟုတ်ကြောင်းလည်း ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် သူများက သုံးသပ်သည်။
ထိုအာရှလမ်းမကြီးအား ၂၁ ရက်နေ့အထိ ဖြတ်သန်းသွားလာခွင့်မပြုထားသဖြင့် သင်္ကြန်ပိတ်ရက်အပြီး ထိုင်း နိုင်ငံသို့ ပြန်လည် ဝင်ရောက်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် အခက်အခဲများ ဖြစ်သွားမည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။
ကိုသားကြီးက “ရွှေ့ပြောင်းအလုပ်သမားက ခွင့်နဲ့ပြန်တဲ့ အလုပ်သမားဖြစ်ခဲ့သည် ရှိသော် သူ့အနေနဲ့ကတော့ အခက်အခဲ ရှိတာပေါ့။ ဒါပေမယ့် အကြောင်းပြချက်က ခိုင်လုံတယ်လို့ ပြောလို့ရတာပေါ့နော်။ အကြောင်းပြချက် ခိုင်လုံတယ် ဆိုတာက ဒီခွင့်နဲ့သွားတဲ့ အလုပ်သမားဟာ အလုပ်ရှင်သူဌေးကို ပြန်ပြီးတော့ သူ့အနေနဲ့ ဆက်သွယ် အကြောင်းကြားလို့ရတယ်။ လမ်းခရီး ပိတ်ထားတယ်ဆိုတဲ့အကြောင်း။ နောက်တစ်ခု ဒီတရားဝင်ပေါ့ ထုတ်ထား တဲ့ စာကိုလည်း သူတို့အနေနဲ့ ပြလို့ရတယ်။ အဲဒီတော့ လုပ်ငန်းခွင်ကို ပြန်မယ့် အလုပ်သမားတွေအတွက် လုပ်ငန်း ခွင် ကြန့်ကြာမှုတွေ ဖြစ်သွားမယ်။ အခက်အခဲတွေ ရှိသွားမယ်။ သို့သော် ဒီလိုသတိပေးစာ ထုတ်ခြင်း အားဖြင့်ဟာ အလုပ်သမားတွေ သိထားရမှာက မိမိတို့ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့ ကာလတစ်ခု ဖြစ်လို့ မိမိတို့ကို အကာ အကွယ်ပေးတဲ့ အဖွဲ့အစည်းပေါင်းစုံကနေ ဒီလို သတိပေးစာ ထုတ်တယ်လို့ နားလည်ဖို့ လိုအပ်တယ်။ မဖြစ်မနေ ပြန်ရမယ်ဆိုရင်တောင်မှ ဒီလမ်းကြောင်းက မဟုတ်ဘဲ မိမိရဲ့ အသက်အန္တရာယ် ထက်တော့ အရေးကြီးတာ ဘာမှ မရှိဘူးလို့ ပြောချင်ပါတယ်။ မဖြစ်မနေဆိုတဲ့ စကားလုံးကို အသက်အန္တရာယ်နဲ့ စံထိုးလိုက်ရင် အများကြီး ကွာ တယ်။ ဒါကြောင့်မို့လို့ မဖြစ်မနေ ပြန်ရမယ့် သူဆိုရင်တော့ ကိုယ့်အတွက် အသက်အန္တရာယ် ရှိတဲ့ လမ်းကြောင်းကို မပြန်ဖို့ ကျနော်တို့အနေနဲ့ သတိပေးလိုတယ်” ဟု ပြောသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ ကားတစ်စီး ဖြတ်သန်းနေစဉ်(Frontier)
လက်ရှိတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှ တရားမဝင် ခိုးဝင်မည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အနေ ဖြင့်လည်း မလာသင့်သေးကြောင်း၊ တရားမဝင် နေရပ်ပြန်မည်ဆိုပါကလည်း ထိုလမ်းကြောင်းမှ မပြန်ကြရန် ထိုင်း ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက အကြံပြုသည်။
- By CNI
- Category: စီးပွားရေး
- Hits: 534
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၆
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ရူပီး(အိန္ဒိယငွေ)-ကျပ်(မြန်မာငွေ) တိုက်ရိုက် ငွေပေးချေနိုင်ရေး စနစ်ဖြင့် ဆောင်ရွက်ရန် နှစ်နိုင်ငံကြား ကြိုးပမ်းနေကြောင်း သိရသည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်ဖြစ်သည့် တမူးနယ်စပ် ကုန်သွယ်ရေးဂိတ်ကို ကိုဗစ် အကြောင်းပြချက်ဖြင့် အိန္ဒိယနိုင်ငံက ပိတ်ထားသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်သည်။
လက်ရှိအချိန်ထိ ဖွင့်လှစ်ပေးခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံအစိုးရများ အနေဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် မြန်မာကျပ်ငွေနှင့် အိန္ဒိယရူပီးတို့ကို တိုက်ရိုက် ငွေပေးချေနိုင်ရေး ကြိုးပမ်းလျက် ရှိနေသည်။
လက်ရှိတွင် နယ်စပ်ကုန်သည်များ အနေဖြင့် အိန္ဒိယနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရာ၌ မြန်မာအစိုးရထံသို့ တရားဝင် အခွန်ဆောင်ပြီး တင်ပို့ကြကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံက ဖွင့်လှစ်ပေးထားခြင်း မရှိသည့်အတွက် အိန္ဒိယနိုင်ငံ ဘက်ခြမ်းတွင် တရားမဝင် သဘောမျိုး ဖြစ်နေသည်ဟု တမူးနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးလှမောင်က CNI သတင်းဌာနသို့ ပြောသည်။
ရူပီးငွေကိုတွေ့ရစဉ်
ဦးလှမောင်က “အခုချိန်ထိလည်း နယ်စပ်ကုန်သွယ်ရေးက အိန္ဒိယဘက်က မဖွင့်သေးဘူး။ ဖွင့်ကိုမဖွင့်တာ ဘယ်လို သက်ရောက်မှု ရှိမှာတုန်း။ နယ်စပ်ကုန်သွယ်ရေးကို အခုချိန်ထိ တရားဝင်ဖွင့်တာ မရှိသေးဘူး အိန္ဒိယအစိုးရက။ ၂၀၂၀ ကတည်းက ပိတ်ထားတာ။ စီးပွားကူးသန်းရဲ့ စာရင်းဇယားကတော့ export လုပ်ထားတာတွေ ပါတာပေါ့ စာရင်းထဲမှာ။ ၂ ရာခိုင်နှုန်း အခွန်ဆောင်ထားတာတွေ အဲဒါတွေ လုပ်နေပါတယ်၊ ကုန်သွယ်မှု ရှိပါတယ်ဆိုပြီး ပြတာပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ official သွားတာ တစ်ခုမှ မရှိဘူးလေ။ ကုန်သွယ်ရေးကတော့ မှောင်ခိုသွားတာပေါ့။ ကိုယ့်ဘက်ကျတော့ တရားဝင်ပေါ့။ အိန္ဒိယနိုင်ငံထဲ တရားမဝင် သွားတာပေါ့” ဟု ပြော သည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ရူပီး - ကျပ် တိုက်ရိုက် ငွေပေးချေနိုင်မည့် စနစ်အတွက် အိန္ဒိယ ဗဟိုဘဏ်က သဘောတူထားပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘဏ်များအတွက် လက်ခံဆောင်ရွက်ရမည့် အိန္ဒိယ ဘဏ်အဖြစ် ပန်ဂျပ်အမျိုးသားဘဏ်ကို ရွေးချယ်ထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။
အိန္ဒိယနယ်စပ် ကုန်သွယ်ရေးတွင် ဒေါ်လာကိုသာ အဓိကထား အသုံးပြုနေပြီး ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေ ၍ ရသွားမည်ဆိုပါက ကုန်သွယ်ရေး မြန်ဆန်လာမည်ဖြစ်ကြောင်း၊ သို့သော်လည်း ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း သည် ပြင်ပပေါက်ဈေးနှင့် များစွာကွာဟမှု မရှိရန် လိုအပ်ကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာနမှ တာဝန်ခံ ဦးနေဝင်းစိုးက CNI သတင်းဌာနသို့ ပြောသည်။
အိန္ဒိယ-မြန်မာ ထွက်ပေါက်ကို ဖြတ်သန်းနေကြစဉ်
၎င်းက “ပိုပြီးတော့ လွယ်ကူသွားမယ်။ ဒေါ်လာကို လဲလှယ်စရာ မလိုတဲ့ အတွက်ကြောင့်မို့လို့ ပိုပြီးတော့ မြန်ဆန် သွားမယ်ပေါ့နော်။ ဒါပေမယ့် အခက်အခဲက ဘာလဲဆိုတော့ ထုံးစံအတိုင်းပဲ မြန်မာကျပ်ငွေနဲ့ ရူပီးနဲ့ လဲလှယ်တဲ့ ကိစ္စမှာလေ ဘဏ်ပေါက်ဈေးနဲ့ အပြင်ကွာဟချက် များရင်များသလို ဆုံးရှုံးမှုတွေ ဖြစ်မယ်။ သိပ်မကွာရင်တော့ သိပ်ပြဿနာ မရှိဘူး။ ထုံးစံအတိုင်းပဲ ဘဏ်ပေါက်ဈေးသည် အပြင်ပေါက်ဈေးနဲ့ ကွာတတ်တဲ့သဘောရှိတယ် ဟုတ်တယ်မလား။ ဘဏ်ပေါက်ဈေးနဲ့ ပြင်ပေါက်ဈေးနဲ့ ကွာဟချက် များရင်တော့ Export တွေ Importer တွေ အတွက် နစ်နာမှု ရှိမယ်။ အဓိကကတော့ ဘဏ်ပေါက်ဈေးနဲ့ အပြင်ပေါက်ဈေးနဲ့ သိပ်မကွာဖို့ပဲ” ဟု ပြောသည်။
ရူပီး(အိန္ဒိယငွေ)နှင့် ကျပ်(မြန်မာငွေ) တိုက်ရိုက် ငွေပေးချေမှုစနစ် ဆောင်ရွက်ရာတွင် နယ်စပ်ကုန်သွယ်ရေးတွင် သာမက ပုံမှန်ကုန်သွယ်ရေးတွင်လည်း အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်း စနစ် လမ်းညွှန်ချက်များနှင့် အတည်ပြုချက်များ ရရှိပါက ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များထံသို့ အသိပေးသွား မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။
မြန်မာ - အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးတွင် ပို့ကုန်ထက် သွင်းကုန် ပို၍များကြောင်း၊ အိန္ဒိယနိုင်ငံသို့ ပဲအမျိုးမျိုး နှင့် စားသောက်ကုန်စည်များကို တင်ပို့ပြီး မြန်မာနိုင်ငံသို့ ဆေးဝါးများ၊ အလှကုန်ပစ္စည်းများ၊ အိမ်ဆောက် ပစ္စည်း များ၊ စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ အထည်အလိပ်နှင့် လူသုံးကုန်ပစ္စည်းကို တင်သွင်းလျက်ရှိသည်။
- By CNI
- Category: စီးပွားရေး
- Hits: 435
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၅
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၏ အားပြိုင်မှုများကြောင့် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တွင် မြန်မာနိုင်ငံသို့ ထိုနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများသည် ပိုမိုဝင်ရောက် လာနိုင်သည်ဟု စီးပွားရေးပညာရှင်များ နှင့် လုပ်ငန်းရှင်များက သုံးသပ်နေကြသည်။
လက်ရှိတွင် မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၏ ထိပ်ပိုင်းခေါင်းဆောင်နှင့် အိန္ဒိယနိုင်ငံမှ သံအမတ်တို့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြသည့်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ထပ်တိုး လုပ်ဆောင်လာနိုင် သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဦးသက်ဇော်က “ဟိုတလောကပဲ လာသွားတယ် ယူနန်ပြည်နယ်ရဲ့ ဒုတိယဥက္ကဋ္ဌလား လာသွားပြီးတဲ့ နောက်ပိုင်း မှာ ဒါကတော့ ဆရာတို့လည်း မြင်တယ် စီးပွားရေးကတော့ အချိုးအကွေ့တွေ လာလိမ့်မယ်လို့ မြင်တယ်။ Trade ပိုင်းပဲ လုပ်မှာလား၊ Investment ပိုင်းပဲ လုပ်မှာလား ဆရာတို့လည်း သေချာတော့ ပြောလို့ မရသေးဘူးပေါ့နော်။ ဒါပေမယ့် နိုင်ငံအတွက် နည်းနည်းလေး အခြေအနေ ကောင်းလာတယ်လို့ ဆရာတို့ကတော့ မြင်တယ်ပေါ့နော်။ အိမ်နီးချင်းနိုင်ငံပေမယ့် သူတို့ကလည်း တစ်ယောက်နဲ့တစ်ယောက် ပါဝါပြိုင်နေတာကိုး၊ တရုတ်တောင်လာတာပဲ ငါလည်း အားကျမခံ ဘာလို့လဲဆိုတော့ ဟိုတလောက ကြားတယ်မလား ကိုကိုးကျွန်းကိစ္စ၊ ကိုကိုးကျွန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါကတော့ ရှင်းရှင်းပြောရရင်တော့ သတင်းအမှားပါ။ အိန္ဒိယက အရမ်းစိုးရိမ်တယ်လေ။ တရုတ်ကြီး ဝင်လာမှာ စိုးရိမ်တော့ သူကလည်း ကာဗာတော့ လုပ်မှာပဲလေ မြန်မာပြည်နဲ့ ဘယ်လိုပူးပေါင်း ဆောင် ရွက်ရမလဲ။ ဟိုတလောကပဲ ကြည့်တယ် သတင်းသုံးသပ်သူ ဆရာတို့ကတော့ သုံးသပ်တယ် ၁ ရက်တည်းပဲ ရုရှား ကလည်း လာတယ်။ တရုတ်ကလည်း လာတယ်။ အဲဒီမှာ အိန္ဒိယသံအမတ်ကလည်း ဝန်ကြီးတွေနဲ့ ပတ်တွေ့ တယ်။ အဲဒါတွေ ကြည့်ချင်းအားဖြင့်တော့ ခြေရှုပ်နေတာပေါ့နော်” ဟု ပြောသည်။
အိန္ဒိယသံအမတ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံစဉ်
ပြီးခဲ့သည့် မတ်လက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂ ခုနှင့် နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံမှု ၉ ခုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ ထိုလုပ်ငန်းများသည် စက်မှု ကုန်ထုတ်လုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ်ငန်း နှင့် CMP လက်ခစား အထည်ချုပ်လုပ်ငန်းများ ဖြစ်သည်။
အလားတူ ပြီးခဲ့သည့်နှစ်များက ခွင့်ပြုပေးထားခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း ဝင်ရောက် လာမည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးပညာရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “မနှစ်က Approve လုပ်ထားတဲ့ ဟာတွေအရတော့ နောက်ထပ် ဝင်လာဖို့တွေတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒါကလည်း ဘယ်လောက် ဝင်လာမယ်ဆိုတဲ့ ကာလအတိအကျတော့ မရှိဘူးပေါ့။ သူကတော့ အခြေအနေ ကြည့်ပြီးတော့ ဝင်လာမယ့် သဘောမျိုးပါ။
လောလောဆယ် အနေအထားကတော့ သိတဲ့အတိုင်းပဲလေ အနောက် နိုင်ငံတွေကတော့ ဝင်လာဖို့ မရှိဘူး။ လာရင် တရုတ်နဲ့ ရုရှားပဲ အခုလောလောဆယ် လက်မှတ်ထိုးသွားတာတွေ၊ Agreement လုပ်ထားကြတာတွေက။ တရုတ်နဲ့ ရုရှားပဲ တကယ့်လက်တွေ့ ဝင်လာဦးမယ့် သဘောတော့ ရှိတယ်။ အိန္ဒိယကတော့ လောလောဆယ်တော့ တခြားဟာတော့ မမြင်သေးဘူး။ ဒါပေမယ့် အရင်လုပ်လက်စ ကုလားတန် စီမံကိန်းကိုတော့ သူတို့ ဆက်ပြီး လုပ်လိမ့်မယ်” ဟု ပြောသည်။
အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် မြန်မာကိုယ်စားလှယ်ကို ဖယ်ထားစဉ်
လတ်တလောတွင် မြန်မာနိုင်ငံအတွင်းသို့ ရုရှားနှင့် တရုတ်နိုင်ငံတို့က လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ လေကြောင်းလိုင်း နှင့် ခရီးသွားကဏ္ဍတို့တွင် ဝင်ရောက်လျက် ရှိသည်ကို တွေ့ရှိရသည်။
အာဆီယံဒေသတွင်း နိုင်ငံများ အနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ထားသည့် သဘောထားမှာ တင်းမာမှုများ လျော့ကျလာပြီ ဖြစ်သည့်အတွက် အာဆီယံနိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အလုံအလောက် မရရှိသည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်။
- By CNI
- Category: စီးပွားရေး
- Hits: 628
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၅
ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များအား လုယူသည်ဟုဆိုကာ မြန်မာ အပါအဝင် ရွှေ့ပြောင်းလုပ်သားများကို ထိုင်းအစိုးရမှ တရားစွဲထားကြောင်း သိရသည်။
မြန်မာ အပါအဝင် ရွှေ့ပြောင်း လုပ်သား ၈၃၃ ဦးကို တရားစွဲဆိုထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်ဟု ထိုင်းသတင်းဌာနဖြစ်သည့် ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ထိုင်းနိုင်ငံတဝန်း ရှောင်တခင် စစ်ဆေးမှု ၁၈,၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း၊ ထိုအထဲကမှ ၆၈၅ မှုအား တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားစွဲဆိုမှု ၆၈၅ မှုထဲမှ နိုင်ငံခြားသား ၂ သိန်းကျော်အား စစ်ဆေးခဲ့ရာ ၁၅၅၀ ဦးအား တရားစွဲဆိုခဲ့ ကြောင်း၊ ထိုထဲတွင် ၈၃၃ ဦးသည် ထိုင်းနိုင်ငံသားများ၏ အလုပ်များအား လုယူသူများဖြစ်ကြောင်း သိရသည်။
ထိုသို့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများကြောင့် ထိုင်းနိုင်ငံသားများ အလုပ်လက်မဲ့ ဖြစ်ရသည် ဆိုသည့် အချက်အား လက်မခံကြောင်းနှင့် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအပေါ် လုပ်ကိုင်ခွင့် တားမြစ်ထားသည့် အချို့ ဥပဒေများအား ဖြေလျှော့ပေးသင့်ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင် အောင်က CNI သတင်းဌာနသို့ ပြောသည်။
ကိုနိုင်အောင်အောင်က “ထိုင်းနိုင်ငံသားတွေ အလုပ်လက်မဲ့ ဖြစ်ရပါတယ်ဆိုတာကျတော့ ဒါကတော့ အလုပ်သမား တွေလည်း လက်မခံနိုင်ဘူး။ ကျနော်တို့ အလုပ်သမားအရေး လုပ်တဲ့ အစုအဖွဲ့တွေရော၊ ထိုင်းနိုင်ငံရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေကလည်း ဒါကို လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒါက သူတို့ သက်သက် တမင် တကာပြောတဲ့ လုပ်ငန်းဆိုင်ရာ ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။ ဒါတွေက သက်ဆိုင်ရာ အာဏာပိုင်တွေ က လာဘ်ပေး လာဘ်ယူ လုပ်ပြီးတော့ လုပ်စားနေတဲ့ ဟာတွေဖြစ်တယ်။ အဓိကကတော့ ထိုင်းနိုင်ငံ ဥပဒေမှာ ရှိပြီးသားပါ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်လို့ရတဲ့ အလုပ်တွေရှိတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်လို့မ ရတဲ့ အလုပ်တွေရှိတယ်။ ဒါပေမယ့် ဒါတွေကို ဥပဒေမှာ ပြင်ဆင်ဖို့လိုတယ်။ ပြင်ဆင်ဖို့ လိုတယ်ဆိုတဲ့ဟာက ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေမှာ ဈေးဝယ်ရတာပဲဖြစ်ဖြစ် ဝယ်စားရတဲ့ ပုံစံမျိုးကို ကြည့်မယ်ဆိုရင် ဘာသာစကား ခက်ခဲတယ်၊ ငွေကြေးဆိုင်ရာ အခက်အခဲတွေက ထိုင်းလူထုကြားထဲမှာ ဝယ်စားရတာက ကျနော် တို့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ခက်ခဲတယ်”ဟု ပြောသည်။
တရုတ်ရွှေ့ပြောင်းပိုင်သည့် အရက်ဆိုင်ကို ထိုင်းအာဏာပိုင်များက စစ်ဆေးနေစဉ်
ထို့နောက် ရွှေ့ပြောင်း အလုပ်သမားများသည် ကိုယ့်ဗမာများ ဖွင့်သည့်ဆိုင်တွင် လပေး အကြွေးစနစ်ဖြင့် စားလေ့ ရှိကြခြင်းကြောင့် ယခုလို အရေးယူမှုများ ပြုလုပ်ခြင်းက မဖြစ်သင့်ဘူးဟု ၎င်းက ပြောသည်။
ကိုနိုင်အောင်အောင်က “နောက်တစ်ခုက ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်လုပ်ရတဲ့ ပုံစံကို ပြန် ကြည့်ရမယ်လေ။ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေက တစ်လမှာမှ တစ်ခါ လစာ ထုတ်ရတဲ့ဟာ ဖြစ် တယ်။ ဖြစ်တဲ့အခါ ကျတော့ ရွှေ့ပြောင်း အလုပ်သမားတွေက အခုလို ကိုယ့်ဗမာတွေ ဖွင့်တဲ့ဆိုင်မှာ လပေးလိုမျိုး စာအုပ်တွေနဲ့ အကြွေးစနစ် ဝယ်စားတဲ့ ဟာမျိုးကလည်း ၉၉ ရာခိုင်နှုန်းများတယ်။ များတဲ့အခါကျတော့ တစ်ဖက် မှာတော့ ဥပဒေပိုင်းမှာတော့ ဟုတ်တယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေက အဲဒီလို အလုပ်လုပ်လို့ မရတဲ့ဟာတွေ အများကြီးရှိတယ်။ သို့သော်လည်း ဒီဥပဒေကို တချို့ဟာတွေ ပြင်ဆင်ဖို့လိုတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ၏ အခြေခံဥပဒေတွင် ထိုင်းနိုင်ငံသားများအား လုပ်ကိုင်ခွင့် ပေးထားသော်လည်း ရွှေ့ပြောင်း လုပ်သား များအတွက် လုပ်ကိုင်ခွင့် မပြုထားသည့် အလုပ်အကိုင် အများအပြားရှိကြောင်း သိရသည်။
ထိုသို့ ကန့်သတ်ထားသည့် လုပ်ငန်းများမှာ ဈေးရောင်းခြင်း၊ ဆံပင်ညှပ်ခြင်း၊ အငှားတက္ကစီမောင်းခြင်း၊ အနှိပ် လုပ်ငန်းများအား ကိုယ်ပိုင်ဖွင့်ခြင်း တို့ပါသည်။
သို့သော် ဈေးရောင်းခြင်း၊ ဆံပင်ညှပ်ဆိုင်ဖွင့်ခြင်း အစရှိသည့် အသေးအမွှား လုပ်ငန်းများအား ရွှေ့ပြောင်း လုပ် သားများကိုလည်း လုပ်ကိုင်ခွင့် ပေးသင့်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။
ယခုဖြစ်စဉ်တွင် တားမြစ်ထားသည့် အလုပ်အကိုင်များအား လုပ်ကိုင်သော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အမှားသာဖြစ်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံသားများကိုတွေ့ရစဉ်
ဦးအောင်ကျော်က “အဲဒါက ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အမှားဗျ။ ထိုင်းမှာက လုပ်ချင်တဲ့ အလုပ် ကို လာလုပ်ပါလို့ သူတို့ ဖိတ်ခေါ်ထားတာ မဟုတ်ဘူး။ သူက လုပ်ရမယ့် လုပ်ငန်းအမျိုးအစား အရေအတွက်ကို တိတိကျကျ ဖော်ပြပြီးသား။ ထိုင်းနိုင်ငံကို ရောက်လာကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်မှအပ အခြားလုပ်ငန်းများကို မလုပ်ဆောင် ရဟု သတ်မှတ်ထားတယ်။ နဂိုကတည်းက သတ်မှတ်ထားတာကို ရွှေ့ပြောင်း အလုပ်သမားတွေက မလိုက်နာပဲနဲ့ အဲဒီ အလုပ်တွေကို သွားလုပ်တာ။ ရွှေ့ပြောင်း အလုပ်သမား အလုပ်လုပ်မယ်ဆိုပြီး လာနေတာ။ ဥပမာ ကျနော်လို ပေါ့။ ကျနော်ဒီမှာ လာအလုပ်လုပ်တယ်။ သို့သော် ကျနော် ကိုယ်ပိုင်ကားလေးနဲ့ နယ်စပ် ဈေးရောင်းနေလို့ မရဘူး။ ဘာကြောင့်ဆို ကျနော်ကိုင်ဆောင်ထားတဲ့ Work Permit တွေ၊ ကျနော်ရဲ့ Visa တွေကိုက ကျနော် ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ အလုပ်လုပ်ဖို့ လာခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို ပြောချင်တာပါ” ဟု ပြောသည်။
ထိုသို့ တားမြစ်ထားသည့် အလုပ်အကိုင်များအား ရွှေ့ပြောင်းလုပ်သားများ လုပ်ကိုင်ကြရာတွင် ထိုင်းအာဏာပိုင် များထံ၌ စိစစ်တွေ့ရှိပါက ငွေကြေး တစ်စုံတစ်ရာ ပေးဆောင်ကာ ဆက်လက် လုပ်ကိုင်ကြကြောင်း သိရသည်။
ထိုင်းအလုပ်သမား ဝန်ကြီးဌာန အနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အရေးယူ လုပ်ဆောင်ချက်အရ စစ်ဆေး ခံရသည့် နိုင်ငံခြားသား ၂ သိန်းကျော်အနက် မြန်မာနိုင်ငံသား ၁၇၇,၁၃၄ ဦး ပါဝင်ကြောင်း၊ ထိုင်းနိုင်ငံသားများ၏ အလုပ်များအား လုယူသူများဟု ဆိုထားသည့် ၈၃၃ ဦးထဲတွင် မြန်မာနိုင်ငံသားမှ ၃၉၂ ဦးဖြင့် အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
- By CNI
- Category: စီးပွားရေး
- Hits: 379
CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၄
ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အလုပ်အမှာစာ မရရှိမှုကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားများ အလုပ်ထုတ်ခံနေရပြီး ထိုအလုပ်ထုတ်ခံရသည့်အထဲတွင် မြန်မာနိုင်ငံသားအများဆုံးဖြစ်ကြောင်း ထိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။
အလုပ်အမှာစာမရရှိမှုကြောင့် အလုပ်ထုတ်မှုများရှိသကဲ့သို့ အကြောင်းမဲ့ လူအင်အားလျှော့ချသည်ဟုဆိုကာ အလုပ်ထုတ်နေခြင်းများလည်းရှိပြီး ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က မဟာချိုင်ရှိ လျှပ်စစ်စက်ရုံတစ်ခုမှ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ထောင်ကျော်အား လုပ်ငန်းခွင်လိုအပ်ချက်ကြောင့် လူလျှော့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အလုပ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက “သူတို့ကတော့ လုပ်ထုံးလုပ်နည်းအရ ဖြုတ်မယ်ဆိုရင် ကြိုပြီးတော့ အနည်းဆုံး တစ်လအကြောင်းကြားရမယ်။ ပြီးတဲ့အခါကျရင် သူ့ရဲ့သတ်မှတ်ထားတဲ့ လုပ်သက်အတိုင်း အကျိုး ခံစားခွင့် အဲဒါ ထိုင်းရဲ့ ဥပဒေအတိုင်း ပေးရတယ်။ ဒါပေမယ့် တကယ်လို့ အဲဒီလူတွေက MOU တွေဖြစ်တယ်ဆိုရင် အေဂျင်စီက တာဝန်ယူရမယ်။ ဒီထဲမှာ က ကျနော်တို့သိရသလောက် နှစ်ချီလုပ်သက်ရင့်တဲ့ သူဆို ၄၊ ၅ နှစ်သမား တွေပါတယ်။ တချို့တွေကျ လပိုင်းပဲ ရှိသေးတယ်။ လပိုင်းသမားတွေကျတော့ သိန်း ၂၀၊ ၃၀ ပေးပြီးတော့ လာလို့ အကြွေးတောင် မကျေသေးဘူး ဒီပြဿနာကို ကြုံရတယ်ဆိုတော့ ဒါ အေဂျင်စီတွေက တိုက်ရိုက်တာဝန်၊ သူတို့မှာ တာဝန်ရှိတယ်၊ သူတို့ တာဝန်ယူရမယ်။ ဒီအလုပ်ရုံတစ်ရုံကို သူပို့တယ်ဆိုကတည်းက ဒီအလုပ်ရုံရဲ့ ခိုင်မာမှု ပြီးတော့ ဒီဘက်အခြမ်းမှာရှိတဲ့ အေဂျင်စီရဲ့ ထိုင်းအေဂျင်စီရဲ့ တာဝန်ယူမှု ဒါတွေအကုန်လုံးကို သူသိမှ ပို့လို့ရမှာ လေ။ တကယ်လို့ ပို့လိုက်ပြီးတော့မှ မမျှော်လင့်တဲ့ဟာဖြစ်တယ်ဆို ဥပမာ စက်ရုံမီးလောင်တာတို့၊ အော်ဒါက ပြတ်သွားတာတို့ အဲဒါမျိုးကို အလုပ်ရှင်ကသေတာတို့ သဘောပြောတာပေါ့ ဒါမျိုးတွေ ဖြစ်တယ်ဆိုရင်တော့ ချွင်းချက်ပေါ့။ အဲဒီလိုမဟုတ်ဘဲ အခုလိုဖြုတ်တယ်ဆိုရင်တော့ သူ့ရဲ့သတ်မှတ်ချက်နဲ့အညီ ဖြစ်ဖို့လိုတယ် ထိုက် သင့်ထိုက်တန်တဲ့ နစ်နာကြေးပေးဖို့လိုတယ်။ ဒီထဲမှာ MOU တွေပါတယ်ဆိုရင်တော့ MOU တွေသည် သူတို့ကို ခေါ်လာတဲ့ လူသစ်တွေကို အထူးသဖြင့် ပြောတာပေါ့ ဟိုဒင်းက(အေဂျင်စီ) တာဝန်ယူရမယ်” ဟု ပြောသည်။
အလုပ်ထုတ်ခံရသည့် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
ထိုသို့ အလုပ်ထုတ်ခံရသည့်အထဲတွင် MOU အလုပ်သမားများ ပါဝင်သကဲ့သို့ အထောက်အထားမဲ့သူများလည်း ပါဝင်ကြောင်းနှင့် အချို့စက်ရုံကြီးများတွင် အလုပ်ထုတ်ခံရသူများအား နစ်နာကြေးပေးသော်လည်း အချို့စက်ရုံ များတွင်မူ နစ်နာကြေးမပေးကြောင်း ၎င်းတို့က ပြောသည်။
ထို့ကြောင့် MOU အလုပ်သမားများအား စေလွှတ်ရာတွင် တစ်ဖက်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံတို့၌ လုပ်ငန်းလည်ပတ် နိုင်မှု အခြေအနေအား သေချာစွာ စိစစ်သင့်ကြောင်း MWRN မှ အကြံပေး ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စိတ်ရင်း စိတ်ဓာတ် မှန်ကန်စွာနဲ့ အလုပ်လုပ်တဲ့ အေဂျင်စီတွေရှိဖို့ လိုအပ်ပါတယ်။ တချို့ကျတော့ တဖက် နိုင်ငံမှာ လုပ်သားတွေကို များများ စေလွှတ်နိုင်လို့ရှိရင် သူတို့အတွက် အကျိုးစီးပွား ရတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတဲ့ အေဂျင်စီမျိုးတွေ ရှိနေရင်တော့ ဒါလုပ်သားတွေအတွက် ဒုက္ခရောက်မှာပေါ့။ အဲဒီတော့ အမှာစာ ရပြီ ဆိုရင် အဲဒီ အမှာစာကို စစ်ဆေးတဲ့အခါမှာ အာဏာပိုင်တွေပါ ပါရတယ်။ အဲဒီ လုပ်သား အမှာစာခေါ်ယူတဲ့ စက်ရုံ က အမှန်တကယ် ဘယ်နေရာမှာ တည်ရှိနေတာလဲ၊ ဘာတွေ ထုတ်လုပ်နေတာလဲ၊ သူ့မှာ လုပ်သားဦးရေ ပြော သလောက် လိုအပ်နေတယ်ဆိုတာ မှန်ကန်သလားဆိုတာ စိစစ်ပြီးမှ အဲဒီအမှာစာတွေကို လက်ခံပြီးမှ လုပ်သား စေလွှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ ထိုင်းအေဂျင့်နဲ့ မြန်မာအေဂျင့်နဲ့ ချိတ်ဆက်ပြီးမှ လုပ်သားတွေ ကို ရအောင် ပေးပို့လိုက်ပြီးမှ ဒီရောက်မှ အလုပ်မရှိဘဲနဲ့ အလုပ်လိုက်ရှာနေတယ် ဆိုတာမျိုးတွေ ကလည်း ဟိုတလောက ခဏခဏ ကြားနေရတယ်။ အဲဒါက စိစစ်မှု အားနည်းနေလို့ပါ။ အဲဒီတော့ အလုပ်သမားတွေ အချိန် တွေကုန်ပြီးမှ တဖက်နိုင်ငံမှာ ဒုက္ခမရောက်အောင် သက်ဆိုင်ရာ အလုပ်သမား ဝန်ကြီးဌာနက စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။
အလုပ်ထုတ်ခံရသည့် ရွှေ့ပြောင်းလုပ်သားများကိုတွေ့ရစဉ်
နစ်နာကြေး မရရှိသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် သက်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံ သွားရောက်ကာ အကူအညီ တောင်းခံနေရကြောင်းလည်း သိရသည်။
ထို့အပြင် ယခုကဲ့သို့ စက်ရုံ၊ အလုပ်ရုံများမှ ရွှေ့ပြောင်း လုပ်သားများအား အလုပ်ထုတ်ပစ်ခြင်းသည် အလုပ်သမား အသစ်များအား အစားထိုး ခေါ်ယူရန်အတွက် ဖြစ်နိုင်ကြောင်းလည်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီ ဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။
လက်ရှိတွင် အလုပ်ထုတ်မှုများ ရှိနေသော်လည်း ထိုင်းနိုင်ငံ၌ အလုပ်သမား လိုအပ်ချက်ကြောင့် အိမ်နီးချင်း နိုင်ငံများမှ ရွှေ့ပြောင်း လုပ်သားများအား ခေါ်ယူရန် ထိုင်းအစိုးရအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။