CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁

၃ လကြာ ပိတ်ထားသည့် မြစ်ကြီးနား - ပူတာအို ကားလမ်းကို မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ် မတော်(KIA)တို့၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။

မြစ်ကြီးနား – ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့မှစတင်၍ ဆွမ်ပရာဘွမ်မြို့တွင် ဖြစ်ပွားခဲ့သည့် KIA- PDF ပူးပေါင်းတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲအခြေနေများကြောင့် သွားလာခွင့် ပိတ်ပင်ခဲ့ကြသည်။

ထိုသို့ ပိတ်ထားသည့်အတွက် ပူတာအိုမြို့နယ်တွင် စက်သုံးဆီ အပါအဝင် အခြေခံ စားသောက်ကုန် ပြတ်လပ် ခြင်းနှင့် ဈေးနှုန်းကြီးမြင့်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် မြစ်ကြီးနား - ပူတာအို ကားလမ်းကို ပရဟိတကားများဖြင့် သွားလာခွင့်ပြုလိုက်ပြီး ကားအရေအတွက် အကန့်အသတ်ဖြင့် စားသောက်ကုန်များကို သယ်ဆောင်ခွင့် ပြုထားသည်ဟု ပူတာအိုဒေသခံ ကိုရွှေထိုက်က CNI သတင်းဌာနသို့ ပြောသည်။

 ပူတာအို-မြစ်ကြီးနား ကားလမ်းသွားလာမှုကိုတွေ့ရစဉ်

၎င်းက “လမ်းကတော့ ဟိုလိုဖွင့်တာ မဟုတ်ပါဘူး။ အခုလောလောဆယ် ပရဟိတ ကားလေးတွေကို လွှတ်ပေး လိုက်တဲ့သဘောပါ။ လောလောဆယ်တော့ ပရဟိတကုန်နဲ့ စားကုန်သောက်ကုန်လောက်ပဲ သူတို့က။ ကားရေ အကန့်အသတ်နဲ့ ပြောတယ်။ သွားချင်တိုင်းသွား၊ လာချင်တိုင်း လာလို့မရသေးဘူး။ သူတို့တက်လာတာတော့ တစ်ပတ်လောက် ရှိပြီ။ ကားတွေတော့ ဝင်နေပြီ။ တချို့ကုန်တွေကတော့ မနက်ကတော့ ကြားတယ် သူတို့ သက်သာဈေးနဲ့ ရောင်းပေးတယ်လို့ ကြားတယ်။ တက်လာတဲ့ ကားတွေမှာလည်း လူလိုက်ပါခွင့် မရှိဘူး။ ခရီးသည်တွေ ဘာတွေ တင်လို့မရဘူးလို့ ပြောတယ်။ အများကြီး မဟုတ်ရင်တောင်မှ တစိတ်တဒေသ အထောက် အကူတော့ ဖြစ်မယ်ထင်တာပဲ” ဟု ပြောသည်။

မြစ်ကြီးနား - ပူတာအို ကားလမ်းကို တရားဝင် လွတ်လပ်စွာ သွားလာခွင့်ဖြင့် ခွင့်ပြုပေးထားခြင်း မဟုတ်ဘဲ အကန့်အသတ်ဖြင့်သာ သွားလာကြရကြောင်း၊ ထို့နောက် ပူတာအိုသို့သွားမည့် ကုန်ကားများ အနေဖြင့်လည်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ လက်မှတ်ပါရှိမှသာ အဆင်ပြေမည် ဖြစ်သည်ဟု သိရသည်။

ကုန်စည်သယ်ဆောင်ရာတွင် အခြေခံ စားသောက်ကုန်သာ သယ်ဆောင်ခွင့်ရှိပြီး ခရီးသည် တင်ဆောင်၍ မရ ကြောင်း၊ ထို့အပြင် စက်သုံးဆီလည်း သယ်ဆောင်ခွင့် မပြုထားကြောင်း သိရသည်။

လက်ရှိတွင် ပူတာအို ဒေသခံများက စက်သုံးဆီကို အိန္ဒိယနှင့် တရုတ်နိုင်ငံ နယ်စပ်မှတဆင့် သွားရောက်ထမ်းယူ၍ ပြန်လည်ရောင်းချနေကြသည့်အတွက် စက်သုံးဆီဈေးနှုန်းသည် အနည်းငယ် ပြန်လည်ကျဆင်းလာနေပြီး ယခင် ၁ လီတာ ၁ သိန်းကျပ်မှ လက်ရှိတွင် ၇၀၀ မီလီမီတာလျှင် ၄ သောင်းကျပ်ခန့် ဖြစ်ပေါ်နေသည်ဟု ပူတာအိုဒေသခံ ကိုဒီပန်က CNI သတင်းဌာနသို့ ပြောသည်။

ပူတာအို-မြစ်ကြီးနား ကားလမ်းသွားလာမှုကိုတွေ့ရစဉ်

၎င်းက “တစ်လီတာ အခုက ၁ သိန်းတော့ မကျော်တော့ဘူး။ အခုက ကျနော်တို့ အိန္ဒိယဘက် သွားသယ်တာ၊ လူနဲ့ ထမ်းသယ်တာတို့၊ တရုတ်ဘက် ထမ်းသယ်တာတို့ အဲဒီကောင်တွေလည်း နည်းနည်း ဈေးသက်သာတယ်၊ ၁ သိန်း တောင် မကျော်တော့ဘူး။ ၁ ပုလင်းကို ၄ သောင်းလောက် ရှိအုံးမယ်။ ၁ ပုလင်းဆိုတာ ၇၀၀ ml ပုလင်းပေါ့။ အကောင်းဆုံးကတော့ လမ်းဖွင့်ပေးရင် အကောင်းဆုံးပေါ့။ ဘာလို့ဆို ဒီလမ်းကြောင်း တစ်ကြောင်းပဲ အားကိုး နေရတော့ ကုန်စည်စီးဆင်းမှုက ဒီတစ်ခုပဲ အားကိုးနေရတဲ့ အခြေအနေကျတော့လေ။ လေယာဉ်နဲ့တင်တဲ့စရိတ် ကျတော့ တအားများတဲ့ အခြေအနေကျတော့ ဒီက သာမန်အလုပ်သမားတွေ၊ လက်လုပ်လက်စားတွေက ဝယ်မစားနိုင်တော့ဘူးလေ” ဟု ပြောသည်။

ပူတာအိုမြို့နယ်သို့ ကုန်စည်စီးဆင်းမှု ပြတ်တောက်နေခြင်းနှင့်အတူ စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက် ခြင်းကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ အသေးစား စက်မှုလက်မှု လုပ်ငန်းများမှာ လက်ရှိတွင် ရပ်နားနေကြရပြီး တောင်ယာလုပ်ငန်းများတွင်လည်း ထွန်စက်များ အသုံးမပြုနိုင်တော့သည့်အတွက် လူအားဖြင့် လယ်ထွန်နေကြရ ကြောင်း သိရသည်။

ထို့ပြင် သွားရေးလာရေး၊ သယ်ယူပို့ဆောင်ရေးတွင် ခြေကျင်ဖြင့်သော်လည်းကောင်း၊ နွားလှည်းဖြင့်သော် လည်းကောင်း၊ စက်ဘီးများ အသုံးပြုနေကြရသည်ဟု သိရသည်။