CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

မြန်မာနိုင်ငံအတွင်းရှိ ကြက်မွေးမြူရေး လုပ်ငန်းအများစုသည် လက်ရှိတွင် အစာဈေးနှင့် ကြက်သားပေါက် ဈေးနှုန်းများ အဆမတန် ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့နေရသည့်အတွက် မွေးမြူရေးလုပ်ငန်းများကို  ရပ်နားလာကြကြောင်း သိရသည်။

ရာသီဥတု ပူပြင်းမှုကြောင့် ကြက်များ သေဆုံးသည့်အပြင် ဈေးကွက်အတွင်း ကြက်သားနှင့် ကြက်ဥဈေးနှုန်းများ မြင့်တက်သော်လည်း ကြက်မွေးမြူရေးခြံများ ရရှိသည့် ဈေးနှုန်းသည် မြင့်တက်လာခြင်း မရှိသည့်အတွက် မွေးမြူရေး လုပ်ကိုင်သူများသည် အရှုံးနှင့် ရင်ဆိုင်နေရသည်ဟု ကြက်မွေးမြူသူများက ပြောသည်။

လက်ရှိတွင် ငွေကြေး အရင်းအနှီး တတ်နိုင်သူများနှင့် ကုမ္ပဏီများမှ မွေးမြူမှုများသာရှိနေပြီး ပုဂ္ဂလိက တနိုင်တပိုင် မွေးမြူမှုများ လျော့နည်းလျက်ရှိနေသည်။ 

လက်ရှိ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူ ၂၀ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ နယ်၊ ကောင်းခေတ် ကြက်မွေးမြူရေးခြံပိုင်ရှင် ကိုကျော်စိုးမိုးက CNI သတင်းဌာနသို့ ပြောသည်။

ကြက်မွေးမြူရေးလုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “အစာဈေးနှုန်းတွေ တက်တယ်။ ပြီးတော့ ဆေးဈေးနှုန်းတွေ ကြီးတယ်။ ကြက်သားပေါက် ဈေးနှုန်းတွေ ကြီးမြင့်လာတယ်။ ကြက်ဥတွေ ပြန်ရောင်းတဲ့အခါကျတော့ ကြက်ဥတွေ ဈေးမရတာတွေပေါ့။ အသားထုတ်တဲ့ အချိန်မှာလည်း အသားဈေး မရတာတွေ အဲဒါတွေတော့ အရှုံးပေါ်တာပေါ့ မွေးမြူရေးသမားတွေတော့။ ဆေးဆိုရင် လည်း နဂိုတုန်းကဈေးထက် ၄ ဆ၊ ၅ ဆလောက် ပိုတက်သွားတာကိုး။ အစာဈေးဆိုလည်း နဂိုဈေးထက် အခုဆို ရင် အစာတစ်အိတ်က ဥစားကြက်စာဆိုရင် ၇ သောင်းကျော် ဖြစ်နေတယ်။ အသားတိုးကြက်စာဆိုရင်လည်း ၉၇၀၀၀ ဖြစ်နေတယ်။ ဈေးကွက်ဘက်မှာ တက်တယ်။ ခြံဖမ်းဈေးကျတော့ သိပ်မတက်ဘူး။ လက်ရှိပေါက်ဈေးဆို ရင် အစားတိုးကြက် ဘွိုင်လာခေါ်တာပေါ့ အဲဒီကြက်တွေက ခြံတွေမှာ ဖမ်းတဲ့ဈေးက ၉၀၀၀ လောက်ပဲ ရှိတယ်၊ ၁ ပိဿာကို။ ဈေးထဲမှာကျတော့ အသားပေါ်ရောက်တဲ့ လူကကျတော့ ၁ ပိဿာကို ၁ သောင်းခွဲလောက် ရောင်း တယ်။ အဲဒီမှာ ၆၀၀၀ လောက် ဟနေတာ။ ဈေးထဲကဈေးက မြင့်နေတာ။ အခု ကျနော်တို့ ဥစားကြက်ဆိုရင်လည်း ဖမ်းတဲ့ဈေးက ၁ ပိဿာ ၉၀၀၀ လောက်ပဲ ရှိတယ် ရန်ကုန်ဈေးက။ ခြံသမားတွေက ရှုံးတာတွေက များနေတော့ မွေးတဲ့သူက တော်တော်နည်းနေတယ်။ အရင်းတတ်နိုင်တဲ့သူကတော့ ဈေးတက်လာနိုး မျှော်မှန်းပြီးတော့ မွေးကြ တာလေး နည်းနည်းပဲ ရှိတော့တာပေါ့။ အဓိကကတော့ ကုမ္ပဏီခြံတွေပေါ့ ကုမ္ပဏီက ကိုယ်ပိုင်မွေးတဲ့ ခြံတွေများ တယ်။ အဲဒါတွေကပဲ ဈေးကွက်ကို ထွက်နေတာ။ အဓိကကတော့ ပုဂ္ဂလိက မွေးတဲ့ဟာတွေကတော့ တော်တော် ကြီးကို နည်းသွားပြီ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မှာ” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ်တွင် ဥစာကြက် သားပေါက်ဈေးနှုန်းသည် တစ်ကောင်လျှင် ငွေကျပ် ၈၀၀ ကျပ်သာ ရှိသော်လည်း လက်ရှိတွင် ၂၄၀၀ ကျပ်ရှိကြောင်း၊ အသားတိုးကြက် သားပေါက်ဈေးနှုန်းသည်လည်း ၁၅၀၀ ကျပ် ရှိနေသည်ဟု သိရသည်။

ကြက်အစာဈေးနှုန်း၊ ဆေးဝါးနှင့် ကြက်သားပေါက်ဈေးနှုန်းများ မြင့်တက်မှုကြောင့် ကြက်မွေးမြူရာတွင် ကုန်ကျ စရိတ်သည် ယခင်ကထက် ၃ ဆခန့် မြင့်တက်လာနေကြောင်း၊ ယခင်က ကြက်အကောင်ရေ ထောင်နှင့်ချီ၍ မွေးမြူနိုင်သော်လည်း လက်ရှိတွင် ရာကဏန်းလောက်သာ မွေးမြူနိုင်တော့ကြောင်း တနိုင်တပိုင် ကြက်မွေးမြူ ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုပြည့်ဖြိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ကြက်မွေးမြူရေးလုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “ဒီနှစ်က အပူဓာတ် ပိုပြင်းသွားတဲ့ အခါကျတော့ ကြက်တွေက တော်တော်များများ မဖြစ်ကြဘူး။ အပူချိန် များတဲ့ အတွက်ကြောင့် ကြက်ဝိတ်တွေ မတက်တာလည်း ပါတယ်။ အသေအပျောက် များတာလည်းပါတော့ ဆုံးရှုံးမှုက ပိုများသွားတာပေါ့။ အခုကတော့ ကုန်ဈေးနှုန်းတွေက အစစအရာရာ ဈေးကြီးနေတဲ့အခါ အရင်းတွေ ကလည်း တအားများတာပေါ့။ နဂိုတုန်းက ကျနော်တို့ ကြက် ၃၀၀၀ မွေးလို့ရမယ်ဆိုလို့ရှိရင် အခု ၁၀၀၀ တောင် မွေးဖို့ မလွယ်တော့ဘူး အဲဒီအရင်းနဲ့က။ ကျနော်တို့ဆို အများကြီး လျှော့ချရတယ်။ နဂိုတုန်းက ကျနော်တို့က ခြံ ၃ ခြံ လှည့်ပြီးတော့ ကြက် ၃/၄/၅ ထောင်လောက် ပုံမှန်မွေးနေတဲ့ဟာက အခုကတော့ ၅၀၀/၁၀၀၀ လောက်ပဲ မွေးနိုင်တော့တာပေါ့။ ဟိုလို ရာခိုင်နှုန်းအရ တွက်မယ်ဆိုရင်တော့ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာပေါ့။ အသားတိုးကြက် လောကမှာရော၊ ဥစားကြက် မွေးမြူရေးလောကမှာရော အကုန်နည်း သွားတာ။ အကုန်အကျ မြင့်သွားတာ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ကြက်မွေးမြူရေး လုပ်ငန်းကဏ္ဍသည် လက်ရှိတွင် တဖြည်းဖြည်း ကျဆင်းလျက်ရှိနေပြီး ထုတ်လုပ် မှု ကုန်ကျစရိတ် သက်သာမှသာ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်ကြောင်း၊ ထို့နောက် မိုးရာသီတွင်လည်း ကြက်မွေးမြူရေးခြံ အများစု ထပ်မံရပ်နားသွားရန် ရှိနေသည်ဟု သိရသည်။