CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ရန်ကုန်မှ ရခိုင်သို့သွားမည့် လေယာဉ်လက်မှတ်ခ နှုန်းထားများမှာ ဈေးနှုန်းမကြီးမြင့်သော်လည်း ရခိုင်မှ ရန်ကုန် သို့ လာမည့် လေယာဉ်လက်မှတ်ခ နှုန်းထားများမှာ ဈေး ၃ ဆခန့်အထိ မြင့်တက်နေကြောင်း လေယာဉ်လက်မှတ် ဝယ်ယူသည့်‌ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

ယခင်က ရခိုင်မှ ရန်ကုန်သို့ ပုံမှန်ဈေးနှုန်းသည် ၂ သိန်း ဝန်းကျင်သာရှိခဲ့သော်လည်း ယခုအခါတွင် ၃ သိန်းကျော် အထိ ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်သည်။

ထိုသို့ ဈေးမြင့်တက်သွားသည့် အနေအထားမျိုးတွင် အမြန်သွားချင်သူများအပေါ် မူတည်ကာ ပွဲစားများမှ ၅ သိန်း မှ ၈ သိန်းခန့်အထိ ဈေးကစားနေခြင်းဖြစ်ကြောင်း လေယာဉ်လက်မှတ် ဝယ်ယူသော ကိုစိုးခိုင်က CNI သတင်း ဌာနသို့ ပြောသည်။

ရန်ကုန်-စစ်တွေ လေယာဉ်လက်မှတ်ဈေးနှုန်းနဲ့ထွက်ခွာမည့် ဇယားကိုတွေ့ရစဉ်

၎င်းက “၇ သိန်း၊ ၈ သိန်းတွေ တောင်းနေကြတယ်။ လက်မှတ်တွေဝယ်ပြီး နာမည်ပြောင်း ရောင်းစားနေကြတာ။ ဒီဘက် မှာ အခြေအနေတွေက စိုးရိမ်ရလောက်တဲ့ အခြေအနေတွေ ဖြစ်တဲ့အခါကြတော့ ရန်ကုန်ဘက်ကို သွားတဲ့ သဘောရှိတာပေါ့။ အဲဒီတော့ ကျောင်းတွေ ကလေးတွေ စာမေးပွဲပြီးတဲ့အချိန် လက်မှတ်တွေက မရှိဘူး။ အခု ရက်ပိုင်းအတွင်း သွားမယ်ဆိုရင် cargo ရုံးဆိုတာရှိတယ်။ သူတို့လေယာဉ် shutter ဆွဲတာပေါ့နော်။ အဲဒီမှာ သွားဝယ်ရင်တော့ လက်မှတ်ရရင် အဲဒီလောက်ဈေးမရှိဘူး။ ဒါပေမယ့် အဲဒီမှာ တချို့က ပွဲစားတွေက ခုံနေရာတွေ ဦး၊  နှစ်ယောက်စာရမယ်၊ သုံးယောက်စာရမယ်။ အဲဒီလိုရပြီဆိုရင် လိုက်မယ်ပြောထားတဲ့ လူတွေကို ဟိုကနေ ၃ သိန်းခွဲ‌လောက် ကျတာကို ၅ သိန်းခွဲ၊ ၆ သိန်းခွဲ အဲဒီလိုမျိုးတွေ တောင်းတယ်။ လိုက်တဲ့လူတွေကလည်း သွားရရင် ပြီးပြီဆိုပြီး ပေးပြီးတော့ စီးနေကြတာ။ ပုံမှန်လက်မှတ်တွေဆိုရင် ၃ လပိုင်း ၂၀၊ ၂၁ လောက်မှ ရမယ်ဆိုတော့ အခု ရရင် အခုသွားမယ် ဘယ်ဈေးပေးရ၊ ပေးရ အဲဒီလိုမျိုးလေ” ဟု ပြောသည်။

ပုံမှန်အတိုင်း သွားလာချင်သူများအတွက် ဧပြီလမှ စတင်ကာ လေယာဉ်လက်မှတ်များအား ဝယ်ယူနိုင်ကြောင်း လေယာဉ်လက်မှတ် ဝယ်ယူရန် သွားရောက်စုံစမ်းသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ ဧပြီလအတွက် ဝယ်ယူရာတွင် ရန်ကုန်မှ စစ်တွေသို့လာမည့် လေယာဉ်လက်မှတ်ခမှာ ၁ သိန်း ၉ သောင်း သာရှိပြီး စစ်တွေမှ ရန်ကုန်သို့ပြန်မည့် လေယာဉ်လက်မှတ်ခမှာ ၂ သိန်းကျော်အထိ ရှိသည်။

လက်ရှိ လေယာဉ် လက်မှတ်နှင့်ပတ်သက်၍ ဈေးကစားနေမှုများအား သက်ဆိုင်ရာ ပြည်နယ်ကောင်စီအနေဖြင့် ကြပ်မတ်ကိုင်တွယ်သင့်ကြောင်း၊ ပုံမှန် လေယာဉ်လက်မှတ်နှုန်းထားအား ဈေးနှုန်းတစ်ခု သတ်မှတ်သင့်ကြောင်း စစ်တွေဒေသခံ မမီမီက CNI သတင်းဌာနသို့ ပြောသည်။

 လေယာဉ်နှင့် ခရီးသွားမည့် ခရီးသွားများကိုတွေ့ရစဉ်

၎င်းက “လေယာဉ်ကွင်းမှာ အဲဒီရောင်းတဲ့ ဘယ်လိုပြောရမလဲ တာဝန်ရှိတဲ့သူ ရောင်းတာလား၊ တာဝန်မရှိဘဲနဲ့ ပွဲစား ရောင်းတာလားဆိုတာကို စုံစမ်းသင့်တယ်လို့ထင်တယ် လက်ရှိအစိုးရအနေနဲ့။ နောက်တစ်ခုက အဲဒီ လက်မှတ်ရောင်းတဲ့ အေးဂျင့်တွေကို အကုန်လုံးခေါ်ပြီးတော့ ဒါက ဒီလိုလုပ်သင့်တယ်၊ မလုပ်သင့်ဘူး။တစ်နေ့ကို လေယာဉ် နှစ်စီး သွားတဲ့အချိန်မှာ လက်ရှိအခြေအနေနဲ့ပဲ ‌ရောင်းသင့်တယ်ပေါ့။ ဘာလို့ဆို ကျမတို့ လေးလပိုင်း ဘိုကင်လုပ်တာမှာ ၁ သိန်း ၉ သောင်းနဲ့ ရတယ်ဆိုရင် အခုလည်း ၁ သိန်း ၉ သောင်းလောက်နဲ့ ရသင့်တယ်လို့ ထင်ပါတယ်။ ရန်ကုန်-စစ်တွေ ပေါ့နော်။ စစ်တွေ-ရန်ကုန်ကတော့ ၂ သိန်း ၂ သောင်းဆိုတော့ အဲဒီနှုန်းလေးပေါ့ နော်။ ပြောချင်တာက ဒီလိုမျိုး သတ်မှတ်ထားသလားဆိုတာကို အစိုးရအနေနဲ့ စိစစ်စေချင်တယ်ပေါ့။ ပုံမှန် လေယာဉ်ပြေးဆွဲနှုန်းသည် ၃ သိန်းလား၊ ၁ သိန်း ၉သောင်းလား၊ ၂ သိန်းလား ဆိုတာမျိုးလေး‌ပေါ့။ အဲဒီလို သတ်မှတ်ချက်ကလေး ဘယ်လို လုပ်ထားသလဲဆိုတာကို အစိုးရက ထိန်းချုပ်ပြီးတော့ ဒါကို အေးဂျင့်တွေကို ခေါ်ပြီး ဆွေးနွေးစေချင်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ရခိုင်ပြည်နယ်၌ လေယာဉ် လက်မှတ်များအား ကြိုတင်ဝယ်ယူနေကြခြင်း ဖြစ်ပြီး ထိုအခြေအနေမျိုးတွင် လေယာဉ်လက်မှတ် လိမ်လည်ရောင်းချသူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။

ရန်ကုန်မှ စစ်တွေသို့ သွားရာတွင် လေယာဉ်၌ ခရီးသည် အပြည့်နီးပါး မပါသော်လည်း စစ်တွေမှ ရန်ကုန်သို့ လာသည့်အခါတွင် လေယာဉ်၌ လူအပြည့်ရှိကြောင်းလည်း လေဆိပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။