CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၅

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာများအနေဖြင့် မိုဘိုင်းဖုန်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲနိုင် ရန် ထိုင်းနိုင်ငံ Kbank နှင့် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်(KBZ)တို့ ပူးပေါင်း၍ ဒီဂျစ်တယ် ငွေလွှဲဝန်ဆောင်မှု စတင် ပြီ ဖြစ်ကြောင်း ဩဂုတ် ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။

KBank ၏ K PLUS Mobile Banking ရှိရုံဖြင့် KBZPay ထဲသို့ မြန်မာကျပ်ငွေ ပြောင်းလဲ၍ ငွေလွှဲပေးပို့နိုင်မှာ ဖြစ် ပြီး တစ်ကြိမ်လျှင် ကျပ်ငွေ ၁ သိန်းမှ သိန်း ၅၀ အထိ လွှဲနိုင်ကြောင်း၊ ဝန်ဆောင်ခအနေဖြင့် ဘတ်ငွေ ၅၀ မှ ၂၅၀ အထိ သတ်မှတ်ထားသည့် ငွေလွှဲပမာဏများအတိုင်း ပေးဆောင်ရမည်ဖြစ်သည်။

ဟွန်ဒီများ(ငွေလွှဲလုပ်ငန်း)ဖြင့် ငွေလွှဲသည့်အခါတွင် လိမ်လည်ခံရမည်ကို စိုးရိမ်စိတ်များ ရှိတတ်သည့်အတွက် ယခုကဲ့သို့ မိမိကိုယ်တိုင် ဖုန်းတစ်လုံးရှိရုံဖြင့် ငွေလွှဲနိုင်ခြင်းသည် ပို၍ လုံခြုံစိတ်ချရပြီး ကောင်းမွန်ကြောင်း ထိုင်း မှာ အလုပ်လုပ်ကိုင်နေသည့် ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။

KBZpay- Kplus လုပ်ဆောင်ပုံများကို ပြသထားစဉ်

၎င်းက “ကျနော်တို့ သာမန်အလုပ်သမား တစ်ယောက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ထိုင်းနိုင်ငံမှ အခုအချိန် ငွေဈေး နဲ့ဆိုရင် တစ်လကို ဝင်ငွေ အများဆုံးရှိမှ ၁၅ သိန်းလောက် ရှိမယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အဆင်ပြေတာပေါ့။ ကျနော်တို့အတွက်ကတော့ အခက်အခဲ မရှိပါဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ပိုပြီးတော့ လုံခြုံမှု ဖြစ်သွား တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်း ကျနော်တို့ ထိုင်းမှာဖြစ်တာက ပွဲစားတွေနဲ့ လွှဲတဲ့အချိန်ကြ လိမ်ညာ တာတို့ ဘာတို့ဆို တော်တော်ထိတာများတယ်။  လူလိမ်လူညာတွေကလည်း များတယ်။ တကယ်လို့ လိမ်တာမိ သွားပြီဆိုရင် လိုက်ဖို့ဆိုတာကလည်း မလွယ်ဘူး။ သာမန်အလုပ်သမားတစ်ယောက် အလိမ်ခံထိတယ် ဆို တကယ့် လွှဲနေတဲ့ ပွဲစားကြီးတွေနဲ့ တွေ့တဲ့အခါကြရင် ခြိမ်းခြောက်တာတောင် ခံရတာတွေ ရှိတယ်။ ဒီလိုမျိုးဟာ လေး ပေါ်ပေါက်လာတဲ့အတွက် ကောင်းတယ်လို့ပဲ ကျနော်ကမြင်တာပေါ့။ ပိုပြီးတော့ ထိရောက်မှုနဲ့ လုံခြုံမှုနဲ့ ဖြစ်လာမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဏ်နဲ့ ဘဏ်နဲ့ချိတ်ဆက်တဲ့ အတွက်ကြောင့် လွဲချော်မှုက နည်းမယ်။ လိမ်ညာမှုကတော့ နည်းမယ်။ ပိုပြီးတော့ လုံခြုံသွားတာပေါ့ ဘဏ်နဲ့ ဘဏ်နဲ့ဆိုတော့” ဟု ပြောသည်။

KBank ၌ အကောင့်စာအုပ် ဖွင့်မည်ဆိုပါက နိုင်ငံကူးလက်မှတ်၊ မိမိနေထိုင်သည့် ဒေသမှ ထောက်ခံစာနှင့်အတူ ကျောင်းသား ဖြစ်ပါက ‌ကျောင်းသားကဒ်လိုအပ်ပြီး အလုပ်သမားဖြစ်ပါက အလုပ်သမားကဒ် လိုအပ်ကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံသို့ တရားဝင် ငွေလွှဲသည့်အခါတွင် ဘဏ်သို့ လူကိုယ်တိုင်သွား၍ လုပ်ဆောင်ရခြင်းဖြစ်ပြီး ဟွန်ဒီ(ငွေလွှဲလုပ်ငန်းများ)ဖြင့် လွှဲသည့်အခါတွင် ဝန်ဆောင်ခအဖြစ် ဘတ်ငွေ ၂၀ မှ ၈၀ ခန့်အထိ ဈေးနှုန်း အမျိုး မျိုးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများကို ထိုင်းရှိ မြန်မာသံရုံးအရှေ့မှာ တွေ့ရစဉ်

ထို့ကြောင့် K PLUS မှ KBZPay သို့ ငွေလွှဲသည့်အခါ ပေးရမည့် ဝန်ဆောင်ခသည် မပြောပလောက်သည့်အတွက် အဆင်ပြေကြောင်းလည်း သုံးသပ်ကြသည်။

သို့သော် ပြည်တွင်း၌ KBZPay အား နယ်ဒေသများ၌ တွင်တွင်ကျယ်ကျယ် မသုံးကြသည့်အပြင် နည်းပညာပိုင်း သိရှိမှု အားနည်းကြသဖြင့် လူလိမ်များလည်း ပေါလာနိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီ‌ဆောင် ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီခေတ်ကအရမ်းကို လူလိမ်တွေ ပေါတဲ့ခေတ် ဖြစ်တယ်။ ကျနော်တို့သည် အလွယ်တကူ Kpay နဲ့ လွှဲလို့ ရပါတယ်ဆိုတဲ့ ငွေရဲ့ ဓါတ်ပုံတွေ၊ သူတို့ရဲ့ ကိုယ်ပိုင်အကောင့်တွေကို အွန်လိုင်းကနေ ကြေညာလာ နိုင်တယ်။ တချို့တွေကြတော့လည်း တောသူ တောင်သားတွေမှာ Kpay မရှိဘူးလေ။ အဲဒီလိုတွေ လွှဲလာတဲ့အခါကြရင် အလိမ်ခံရနိုင်စရာ အကြောင်းရှိတယ်။ ဒီ Kpay စနစ်ဟာ ပြည်တွင်းထဲမှာတောင်မှ လူလိမ်တွေ ပေါနေတာလေ။ ဒုတိယတစ်ချက်ကတော့ အစိုးရရဲ့ ပေါ်လစီ တစ်ခုလို့ ကျနော်ပြောလို့ရတယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြား သား ရွှေ့ပြောင်း အလုပ်သမားတွေ အထူးသဖြင့် ထိုင်းပေါ့ မိခင်နိုင်ငံကို ငွေပြန်လွှဲတဲ့အချိန်မှာ ဘယ်သူက ငွေ ဘယ်လောက် လွှဲတယ်ဆိုတာကို အလွယ်တကူ သိနိုင်တယ်။ အလွယ်တကူလည်း သိရှိနိုင်အောင်လို့” ဟု ပြော သည်။ 

K PLUS မှ KBZPay သို့ ငွေလွှဲသည့်အခါ ငွေကျပ် ၁ သိန်းလျှင် ဘတ်ငွေ ၁၂၁၆ ဘတ်ဖြင့် သတ်မှတ်သည့်အတွက် ပြင်ပပေါက်ဈေးနှင့် ယှဉ်ပါက ကွာဟချက်များကြောင်းလည်း သုံးသပ်မှုများ ရှိသည်။

ထို့ကြောင့် ၎င်းမှ ငွေလွှဲခြင်းအစား ပြင်ပမှ ငွေလွှဲခြင်းများကို ဆက်လက် လုပ်ဆောင်နေကြဦးမည်ဖြစ်သဖြင့် ဈေးနှုန်းထားတစ်ခု ပြောင်းလဲသတ်မှတ်ပေး၍ ဆောင်ရွက်မည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။