CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၉

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်အနေဖြင့် ၅ နှစ် မှ ၇ နှစ်အထိ ခွင့်ပြုပေးမည်ဖြစ်ပြီး ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍကို အဓိကဦးစားပေး မြှင့်တင်သွားမည် ဖြစ်သည်ဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ်အတွင်း ပြောင်းသန့်စင်သည့်လုပ်ငန်း၊ သတ္တုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍများ အတွက်လည်း ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးသွားရန်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်သည် စိုက်ပျိုးရေးလုပ်ဆောင်ရန် ကောင်းမွန်သည့် အနေအထားတွင် ရှိခြင်းကြောင့် စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“အခွန်ဆိုတာကလည်း အမျိုးမျိုး ရှိသေးတယ်။ ဒါကတော့ MIC Rule မှာတော့ သတ်မှတ်ထားသော ဥပမာ အားဖြင့် MIC မှာ လျှောက်ထားသော ပစ္စည်းများကို သွင်းကုန်လျှော့ပေါ့မှုတို့၊ သူက ကင်းလွတ်ခွင့်တွေကမျိုးစုံ ရှိတယ်။ ဝင်ငွေခွန် ကင်းလွတ်ခွင့်တို့ အဲဒါမျိုးတွေပေါ့နော်။ အဲဒါတွေကတော့ သူ့အနေအထားပေါ် မူတည်ပြီးတော့ ပေးတာပေါ့နော်။ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုပေါ် မူတည်ပြီးတော့ ပေးတာပေါ့နော်။ နံပါတ် ၁ ကတော့ ရှမ်းပြည်နယ် ကတော့ စိုက်ပျိုးရေးကောင်းတဲ့အတွက်ကြောင့် စိုက်ပျိုးရေးနဲ့ အခြေခံသော စားသောက်ကုန်ပစ္စည်း ထုတ်လုပ် တာတော့ ဒါ အကောင်းဆုံးလို့ ဆရာတို့မြင်တယ်။ နောက်တစ်ချက်ကတော့ ဓာတ်သတ္တုတူးဖော်ရေးပေါ့နော်။ နောက်တစ်ချက်ကတော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးပေါ့နော်။ ရေအားလျှပ်စစ်တွေ အများကြီး ရှိပါတယ် ရှမ်းပြည်နယ်မှာပေါ့နော်။ အဲဒါတွေက အကောင်းဆုံးလို့ ဆရာတို့ မြင်ပါတယ်” ဟု ပြောသည်။

စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ရှမ်းပြည်နယ် တွင် ၁၅ ခု ခန့်ရှိပြီး စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ၈ ခု ရှိသည်ဟု ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ဖော်ပြချက်အရ သိရသည်။

ထို့နောက် ရှမ်း(အရှေ့ပိုင်း)ဒေသဖြစ်သည့် ကျိုင်းတုံနှင့် တာချီလိတ်မြို့များကို ယခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍ အပြင် တခြားသောရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုသည် နည်းပါးလျက်ရှိနေသည်။

လက်ရှိ ရှမ်းပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခြေအနေသည် လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို နားမလည်သည့် အခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှပေးသည့် ခံစားခွင့်များ ဆုံးရှုံးဖြစ်ပေါ်နေသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်းကတောင်ယာ စိုက်ခင်းများကိုတွေ့ရစဉ်

“အဓိကကတော့ Local Investor ကလေ MIC ကို တင်ရမယ်ဆိုတဲ့ကိစ္စကို သူတို့ နည်းနည်းလေး နားလည်မှု အားနည်းသေးတယ်လို့ ဆရာတို့ သုံးသပ်ပါတယ်။ များသောအားဖြင့်တော့ အမှန်တော့ မဆောက်ခင်ကတည်းက MIC ဆီကို တင်ပြ၊ တင်ပြပြီးတော့မှ MIC ရဲ့ approve နဲ့ ဆောက်ပြီးတော့မှ ဒီဘက်ကို လိုင်စင်တင်လိုက်ရင် သူတို့ပြောတဲ့ ခံစားခွင့်တွေ ရကြမှာပေါ့နော်။ အဲဒီလို မဟုတ်ဘဲနဲ့ အခု အများစုက ဆရာတို့ တွေ့ရတာပေါ့လေ ခုနက ပြောတာတော့ တင်တာတော့ တင်ပါတယ် ဒါပေမယ့် အနည်းစု ဖြစ်နေတယ်။ အများစုက ဘယ်လိုတွေ့ရ လဲဆို သူတို့သဘောနဲ့ ဆောက်လိုက်တယ်။ ဆောက်ပြီးတော့မှ သက်ဆိုင်ရာ နီးစပ်တဲ့ မြို့နယ်စည်ပင်တို့ ဘာတို့ ခွင့်ပြုချက်နဲ့ ဆောက်လိုက်တာပေါ့နော်။ ဆောက်ပြီးတော့ ပြီးခါနီးကျမှ သူက ဟိုတယ်လုပ်ချင်တယ်ဆိုပြီး ဟိုတယ်/ခရီးကို လာလျှောက်တာမျိုးတွေ တွေ့ရတယ်။ အဲဒါကျတော့ အဆောက်အအုံး ဆောက်ပြီးသား လိုင်စင် ရပြီးသားမြို့ ဖြစ်တယ်ဆိုရင် MIC ကတော့ သူတို့ရင်းနှီးမြှုပ်နှံမှု Pass လုပ်ဖို့ ခက်သွားတာမျိုးတော့ ရှိတယ်။ အဲဒါလေးတွေတော့ ဆရာတို့ စည်ပင်ရယ်၊ ရင်းနှီးမြှုပ်နှံမှုရယ်၊ ဆရာတို့ ဟိုတယ်/ခရီးရယ် တဖြည်းဖြည်းချင်း တော့ လုပ်ငန်းစဉ်တွေကို တည့်မတ်တာ ရှိပါတယ်။ တချို့ကတော့ ကြိုတင်ဆောက်လုပ်ခွင့် အရင်တင်တဲ့ဟာတွေ ရှိတယ်လေ။ ဆောက်လုပ်ခွင့် ကြိုတင်တင်တဲ့ လုပ်ငန်းရှင်မျိုးဆိုရင် MIC process ကိုသွားဖို့ မှီတယ်။ ပြောပေးလို့ မှီတယ်ပေါ့နော်။ အဲဒီလိုမျိုးမဟုတ်ဘဲနဲ့ သူ့သဘောနဲ့သူ ဆောက်ခဲ့ကြတယ် စည်ပင်ခွင့်ပြုချက်ယူပြီး ဆောက်ကြ တယ်။ ရာနှုန်းပြည့်ပြီးလို့ မှတ်ပုံတင် လိုင်စင်လျှောက်တဲ့အခါကျတော့ နည်းနည်းလေး မမှီတော့ဘူးပေါ့။ ဒါပေမယ့်လည်း များသောအားဖြင့်တော့ လိုင်စင်ကျသွားပြီးရင် MIC ကတော့ များသောအားဖြင့် မပေးတာများ တယ်။ အသစ်ရင်းနှီးမြှုပ်နှံမှုကိုဆိုရင် သူတို့က ပေးတာများတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများထက် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပိုများကြောင်း၊ ဟိုတယ် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်လျှင် ၂၀ မှ ၃၀ ခုခန့် ရှိသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ တောင်ပိုင်းဒေသများဖြစ်သည့် တောင်ကြီး၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်းနှင့် အရှေ့ပိုင်းဒေသများဖြစ်သည့် ကျိုင်းတုံနှင့် တာချီလိတ် မြို့နယ်များတွင် ဟိုတယ်လုပ်ငန်းများကို အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံကြသည်။