၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈

မြန်မာ-တရုတ်နယ်စပ်ဂိတ်အား ပိတ်ထားသည်မှာ သုံးလနီးပါး ကြာမြင့်ပြီဖြစ်သဖြင့် ထိုဂိတ်များအား မှီခိုလုပ်ကိုင်နေရ သည့် အလုပ်သမားများနှင့် ကုန်သည်များသည် အလုပ်အကိုင်များ ဆုံးရှုံးခြင်း အပြင် ဝင်ငွေဆုံးရှုံးခြင်းများနှင့် ကြုံတွေ့နေကြရသည်။

အဆိုပါ တရုတ်နယ်စပ်ဂိတ် ပိတ်ထားသည့်အတွက် ကြက်သွန်ကုန်သည်များအနေဖြင့် အလကား ပေးခဲ့ရသည်များရှိသလို အချို့မှာ အရှုံးခံ၍ စျေးလျော့ကာ ရောင်းချခဲ့ရမှုများလည်း ရှိကြသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “ငွေဆုံးတဲ့သူလည်းရှိသလို ရှုံးတဲ့သူလည်း ရှိတယ်။ တချို့ အရင်းပြုတ် သွားတဲ့ သူတောင်ရှိတယ် အခုဖြစ်တဲ့ဟာတွေက။ အရင်း နည်းနည်းပါးပါးနဲ့ လုပ်သွားတဲ့သူတွေက ဘာမှ ရှေ့လည်းမတိုးနိုင် နောက်လည်း မဆုတ်နိုင်နဲ့ လည်စင်းပြီး ခံသွားရတဲ့သူတွေ အများကြီးရှိတယ်” ဟု ပြောသည်။

ပုံ- တရုတ်သို့ပို့မည် ဖရဲသီးကား

မြန်မာ-တရုတ်နယ်စပ်ဂိတ် မပိတ်ခင် အချိန်က မူဆယ်ရှိ ဂိုဒေါင် အလုံး ၄၀၀ ကျော်တွင် ကုန်အတင်အချလုပ်သည့် ရွှေ့ပြောင်းအလုပ်သမား ၈၀၀၀ ကျော်ရှိသည်။ ထိုအလုပ်သမားများသည် တစ်နေ့လုပ်မှ တစ်နေ့စားရသူများဖြစ်သည့် အတွက် စားဝတ်နေရေး အခက်အခဲများကြောင့် ရွာပြန်သွားကြရသူများရှိလာသည့်အတွက် အလုပ်သမား ၄၀၀၀ ကျော် သာ ကျန်ရှိတော့သည်။

ထိုအထဲမှ အချို့သည် ကြုံရာကျပန်း လုပ်ကိုင်၍ အသက်ရှင်သန်ရေး ကြိုးပမ်းနေကြရကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတွင် အကြီးဆုံး နယ်စပ်ဂိတ်ဖြစ်သည့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သည် တစ်နှစ်လျှင် အမေရိကန်‌ဒေါ်လာ (၄)ဘီလီလျံအထက် ရရှိကြောင်း သိရသည်။

အဆိုပါ ကုန်သွယ်ရေးဂိတ်မှတဆင့် တရုတ်ဘက်သို့ တင်ပို့သည့်ကုန်များမှာ ဆန်၊ ပဲတီစိမ်း၊ ကြက်သွန်၊ ငရုတ်သီး၊ ဖရဲ၊ သခွားတို့ကို အများဆုံးတင်ပို့ကြပြီး တရုတ်ဘက်မှ ဓာတ်မြေဩဇာ၊ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက် ကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ ပြန်လည် တင်ပို့လေ့ရှိသည်။
တရုတ်နယ်စပ်ဂိတ် ဖွင့်လှစ်သည့် အချိန်က မြန်မာဘက်ကနေ ဖရဲသီးများ တင်ပို့လျက်ရှိကာ တစ်ရက်လျှင် ၁၂ ဘီးကား အစီး ၄၀၀ မှ ၅၀၀ ကြား တင်ပို့လျက်ရှိသည့်တိုင် ယခုအခါမှာတော့ တရုတ်ဘက်ခြမ်းက နယ်စပ်ပေါက်ပိတ်ထားခြင်း ကြောင့် စိုက်ပျိုးရေးနှင့် တင်ပို့ရေး လုပ်ငန်းများ လုပ်သင့် မလုပ်သင့် စောင့်ကြည့်နေရသည်ဟု ဉီးမင်းသိန်းက ရှင်းပြသည်။

ပုံ-စွန့်ပစ်လိုက်ရသည့် ဖရဲသီးများ

၎င်းက “ဖရဲသီးကို တရုတ်ပြည်ကလည်း တော်တော်လေးဝယ်ကြတယ်။ နောက်တရုတ်ကလည်း ပိတ်သွားရော အဲ့ဖရဲသီး က တရုတ်ပြည်သွားလို့ မရတော့ဘူး။ အထားလည်းမခံတော့ ဗမာပြည်မှာ ရောင်းရတယ်။ အရင်က တရုတ်ကိုရောင်းရင် တစ်လုံးကို ဗမာငွေ ၂၀၀၀ နှုန်းရတဲ့ ဖရဲသီးက ဒီမှာ ၂၀၀ နဲ့လည်းရောင်း၊ ၃၀၀ နဲ့လည်းရောင်း၊ ၄၀၀ နဲ့လည်းရောင်း အဲ့လို ရောင်းလိုက်ရတာ။ အခုဆိုရင် ဖရဲသီးက စပြီးစိုက်ရမယ့် အချိန်ရောက်နေပြီ။ တရုတ်ပြည်ကိုကြည့်နေတာ တရုတ်ပြည်သာ ဆက်ပြီးတော့ မဖွင့်ရင် သူတို့မစိုက်တော့ဘူး။ ဘာလို့ဆို စိုက်လိုက်လို့ စိုက်စရိတ်ကလည်း တအားမြင့်တယ် မနှစ်ကနဲ့ မတူ ဘူး။ တကယ်လို့များ ဖရဲသီး‌ပေါ်ချိန်မှာ တရုတ်ဂိတ်တွေသာ ပိတ်ထားမြဲ ပိတ်ထားဆဲဆိုရင် သွားပြီ။ ရှုံးတာမှ ခွက်ခွက် လန်အောင် ရှုံးတာ” ဟု ဆိုသည်။

တရုတ်နိုင်ငံက မြန်မာဘက်မှ ယာဉ်မောင်းများထံကနေ ကိုဗစ်-၁၉ ပိုးပါလာမည်ကို စိုးရိမ်သည်ဟုဆိုကာ ဇူလိုင် ၈ ရက်မှ စတင်၍ ယနေ့အထိ နယ်စပ်ဂိတ်ကို ပိတ်ထားသည်။ မည်သည့် အချိန်တွင် ပြန်ဖွင့်ကိုလည်း မသိရသေးပေ။

အဆိုပါ နယ်စပ်ဂိတ် ပိတ်ထားခြင်းကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကျယ်ဂေါင်မြို့တွင် ကုန်ကား အစီးပေါင်း ၇၀၀ ကျော် ဧပြီလမှစတင်၍ ပိတ်မိနေသည်။ ထို့နောက် တရုတ်အစိုးရက ပိတ်မိနေသော ကုန်ကားများကို မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်မှတဆင့် မြန်မာဘက်ခြမ်းသို့ ပြန်လည်ထွက်ခွာရန် ပြီးခဲ့သည့်ရက်ပိုင်းက ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ သည်။