CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

ပြီးခဲ့သည့်လတွင် စပါးကြမ်း တင်း ၁၀၀ လျှင် ငွေကျပ် ၁၅ သိန်းခန့်သာ ရှိသော်လည်း လက်ရှိမှာတော့ စပါးကြမ်း တင်း ၁၀၀ လျှင် ၁၈ သိန်းဖြင့် စံချိန်တင်ဈေး ဖြစ်ပေါ်နေကြောင်း တောင်သူလယ်သမားများထံမှ သိရသည်။

လက်ရှိ တောင်သူအများစုထံတွင် စပါးလက်ကျန် မရှိဖြစ်နေသည်ဟု ၎င်းတို့က ပြောသည်။

တောင်သူအများစုသည် ကြွေးမြီများဆပ်ရန်အတွက် စပါးပေါ်ချိန်ကတည်းကပင် စပါးများကို ရောင်းချထားပြီးပြီ ဖြစ်ကြောင်း၊ စပါးသိုလှောင်ထားနိုင်သည့် ၅ ရာခိုင်နှုန်းသော တောင်သူများ၊ ဆန်စက်ပိုင်များနှင့် စပါးကုန်သည် ကြီးများထံတွင်သာ စပါးလက်ကျန်ရှိကြောင်း၊ ၎င်းတို့က ရောင်းလိုအားကို ထိန်းထားနိုင်သည့်အတွက် စပါး ဈေးနှုန်းများ တက်လာခြင်းဖြစ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်း ဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “မပြေလည်တဲ့ တောင်သူက ရောင်းချပြီး ပေးစရာရှိတာပေးပေါ့ ပေးပြီးသွားပြီ။ အခုက ပြေလည်တဲ့ တောင်သူတချို့ ၅ ရာခိုင်နှုန်းလောက်ပါပဲ တောင်သူကတော့၊ ၅ ရာခိုင်နှုန်း ကြမ်းခင်းပေါ့။ ၁၀ ရာခိုင် နှုန်း မရှိလောက်ဘူး။ နည်းနည်းပါးပါးနဲ့ နည်းနည်း ပိုက်ဆံရှိတဲ့လူ လှောင်ထားတဲ့ စပါးကုန်သည်ကြီးတွေ၊ ဆန် စက်တွေ၊ အဲဒီမှာပဲ ကျန်တော့တာဆိုတော့ သူတို့ကတော့ ဒီဈေးကို ဈေးတက်မှ အမြတ်ရမှ ရောင်းကြတာကိုး။ တောင်သူတွေ သူပေါ် ကိုယ်ပေါ် ပေါ်ရင်တော့ ဈေးက တွန်းမတက်တာလေ။ အခုချိန်ကျတော့ ဝယ်လိုအားများရင် ရောင်းလိုအားက ထိန်းထားနိုင်တဲ့အတွက် ဈေးကတော့ တက်လာတာပေါ့” ဟု ပြောသည်။

တောင်သူအများစုသည် စပါးစိုက်ပျိုးချိန်တွင် သွင်းအားစုစရိတ်များနှင့် အလုပ်သမားစရိတ်များအတွက် အကြွေး ဖြင့် စိုက်ပျိုးခဲ့ကြခြင်းကြောင့် စပါးပေါ်ချိန်တွင် ရသည့်ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည့်အတွက် စပါးလက်ကျန် မရှိ တော့ကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် စပါးဈေးနှုန်း မြင့်တက်သော်လည်း လယ်သမားများအတွက် အကျိုးမရှိ ကြောင်း ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

စပါးခြွေလှေ့နေစဉ်

“အကျိုးရှိတဲ့သူက နည်းတယ်။ အကျိုးမရှိတဲ့သူက များတယ်။ ဘာဖြစ်လို့လဲဆို စပါးက တချို့လယ်သမားတွေက ရောင်းချပြီး လွန်ခဲ့တဲ့ ရက် ၂၀၊ ၁ လလောက်ကတည်းက မရှိတော့ဘူးလေ။ ရောင်းချ အကြွေးပေးစရာရှိတာပေး၊ မြေဆီဖိုး ပေးစရာရှိတာပေး၊ ဝမ်းစာလောက်ပဲ ကျန်တော့တာလေ၊ မျိုးစပါး ဝမ်းစာလောက်ပဲ ကျန်တော့တာ။ အခုချိန်တက်တာက လယ်သမားအကျိုး မရှိတော့ပါဘူး” ဟု ပြောသည်။ 

ဒါ့အပြင် လယ်ယာစိုက်ပျိုးရေးသုံး စက်ကိရိယာပြင်ဆင်စရိတ်၊ စက်အပိုပစ္စည်းနှင့် ပေါင်းသတ်ဆေး စသည့် သွင်းအားစုဈေးနှုန်းများသည် ယခင်ကထက် မြင့်တက်လာနေကြောင်း တောင်သူများထံမှ သိရသည်။

စိုက်ပျိုးစရိတ် ဈေးနှုန်းကြီးမြင့်သော်လည်း ယခုနှစ်တွင် စပါးဈေးကောင်းမွန်ခဲ့ခြင်းကြောင့် လာမယ့်နှစ်တွင် စပါးဈေးကောင်းမွန်မည်ကို မျှော်မှန်းသည့်အတွက် တောင်သူများအနေဖြင့် စပါးစိုက်ပျိုးကြမည် ဖြစ်သည်ဟု ဘိုကလေးမြို့နယ်မှ စပါးစိုက်တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်သမားခက သိပ်မတက်ဘူး။ ကျန်တဲ့ပစ္စည်းက လယ်ယာသုံးပစ္စည်းက အကုန်တက်တယ်။ စက် ပစ္စည်းကတော့ မတရားတက်တယ်။ အခု လယ်ထဲဆင်းမယ်ဆိုရင် ကိုင်းဆက်ကို ပြင်ရတာလေ။ အဲဒါကို ပြင်ရတာလည်း ဈေးကြီးတယ်။ ဈေးကြီးတယ်ဆိုတာက ၁ ဆကနေ ၃ ဆတက်သွားတယ်။ ၁ သောင်းပေးရမှာ ၄ သောင်း ဖြစ်သွားတယ်။ နောက်ပြီး ပေါင်းသတ်ဈေး လယ်ထဲမှာ ပေါင်းသတ်ဈေး လိုတာတွေ အရင်က ဝယ်ရတာ ၁၅၀၀၀၊ ၁၇၀၀၀။ အခုက ၆၀၀၀၀ ဖြစ်သွားပြီ။ မြေဆီတွေကတော့ အခု သူတို့ ပြန်ထုတ်ပေးမယ်တော့ ပြော တာပဲ။ ၁ သိန်းနဲ့ ပြန်ထုတ်ပေးမယ် ပြောတာပဲ။ အခုက မြေဆီဖိုးတွေ ပေးနေကြပြီ။ ဒီပုံစံအတိုင်းနဲ့တော့ မထိခိုက် နိုင်ဘူး စိုက်မှာပဲ။ စိုက်မယ်ဆိုတာက စပါးဈေးလေးနဲ့ဆိုတော့ လာမယ့်နှစ်ကျ ပေါ်ရင်တော့ ငါ့စပါးက ၁၅ သိန်းရ မှာ၊ ၁၈ သိန်းရမှာ အဲဒီမျှော်မှန်းချက်တွေနဲ့ စိုက်ကြတယ်။ 
အကုန်စိုက်မှာ” ဟု ပြောသည်။

လက်ရှိတွင် စပါးဈေးနှုန်းများသည် ဧရာဝတီပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ငွေကျပ် ၂၅ သိန်းနှင့် ၂၆ သိန်း ဖြစ်ပေါ်နေပြီး ရက် ၉၀ ၊ မနောသုခ၊ ဇီယာ၊ တင်းသုခ၊ ဧရာမင်း စသည့် စပါးကြမ်း တင်း ၁၀၀ လျှင် ၁၅ သိန်းနှင့် ၁၈ သိန်းအထိ ဖြစ်ပေါ်နေသည်ဟု တောင်သူလယ်သမားများထံမှ သိရသည်။